နိုင်ငံတွင်း Facebook အသုံးပြုခွင့်ကို ပိတ်ပင်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ခြိမ်းခြောက်

0
1999

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံရေး ပြိုင်ဘက်များကို ရိုက်နှက်မည်ဟု ခြိမ်းခြောက်ထားသည့် ဗီဒီယိုကို ကွန်ရက်မှ ဖယ်ရှားမည်ဟု Facebook ကကြေညာခဲ့ပြီးနောက် ဟွန်ဆင်ကလည်း သူ့အနေနှင့် နိုင်ငံတွင်း Facebook အသုံးပြုခွင့်ကို အချိန်မရွေး ပိတ်ပင်နိုင်ကြောင်း ဇွန်လ ၃၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ 

လာမည့် ရွေးကောက်ပွဲမတိုင်မီ ဟွန်ဆန် ခေါင်းဆောင်သည့် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ၏ ပြိုင်ဘက် ပါတီ ခေါင်းဆောင်ကို အာဏာပိုင်များက မှတ်ပုံတင်ခွင့်ပေးရန် ငြင်းဆိုပြီးနောက် ယခုလို သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဇူလိုင် ၂၃ရက်နေ့ တွင် ကျင်းပသွားမည့်  ကမ္ဘောဒီးယားနိုင်ငံ၏  ရွေးကောက်ပွဲသည် ဟန်ပြ လုပ်ရပ် ဟူ၍ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရသည်။

လူမှုကွန်ရက်တစ်ခု ဖြစ်သည့် Facebook သည် ၎င်းတို့အနေနှင့် ကြီးကြပ်ရေးဘုတ်အဖွဲ့၏ စီရင်ချက်နှင့်အညီ ဟွန်ဆန်၏ ဗီဒီယိုများထဲမှ တစ်ခုကို ဖယ်ရှားမည်ဖြစ်ကြောင်း နှင့် ၎င်းတို့၏  မိခင်ကုမ္ပဏီ Meta ကလည်း ဟွန်ဆန် ၏ အကောင့်ကို ဆိုင်းငံ့ထားရန် အကြံပြုထားကြောင်း ဇွန်လ ၂၉ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့သည်။

ကြီးကြပ်ရေးဘုတ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ အဆိုပါ ဗီဒီယိုအတွင်း ဟွန်ဆန် သည် အတိုက်အခံ နိုင်ငံရေးသမားများအပေါ် အကြမ်းဖက်မှုကျူးလွန်ရန် ပြတ်ပြတ်သားသား သဘောထားရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆက်တွဲအနေနှင့်  ယခင်ကတည်းက Facebook အသုံးများသူ တစ်ဦး ဖြစ်သည့် ဟွန်ဆန် သည် ၎င်းအနေနှင့် အဆိုပါ ပလက်ဖောင်းကိုလည်း မသုံးတော့ကြောင်း ဇွန်လ ၂၉ရက်နေ့ ညမှာ ကြေညာခဲ့သလို ၎င်း၏ အကောင့်ကိုပါ ဖျက်သိမ်းလိုက်နိုင်ဖွယ် ရှိနေသည်။

ဇွန်လ ၃၀ရက်နေ့ ၊ ပါရ်ဆတ် ပြည်နယ်ရှိ အထည်ချုပ်အလုပ်သမားများနှင့် တွေ့ဆုံရာတွင် ဟွန်ဆန် က သူ့အနေနှင့် ပြည်ပရောက် အတိုက်အခံ နိုင်ငံရေးသမားများကို နိုင်ငံတွင်းရှိ ပြည်သူများနှင့် ဆက်သွယ် ပြောဆိုခြင်းမှ တားဆီးရန် Facebook အသုံးပြုခွင့် ကို အချိန်တိုအတွင်း သို့မဟုတ် ထာဝရ ပိတ်ပင်နိုင်ကြောင်း ပြောဆိုရင်း သတိပေးခဲ့သည်။

“စိတ်ကြီးဝင်မနေကြနဲ့ ။  မင်းတို့ နိုင်ငံခြားမှာနေတယ် ၊ ဆက်သွယ်ရေးအတွက် Facebook သုံးနေတယ်။ ငါတို့ကလည်း Facebook ကို ပိတ်လိုက်လို့ ရတယ်” ဟု ပြည်ပရောက် အတိုက်အခံများကို ရည်ရွယ်ကာ ဟွန်ဆန်က ပြောကြားခဲ့သည်။

ထို့နောက် အခြားသော လူမှုမီဒီယာ ပလက်ဖောင်းများဖြစ်သည့်  Telegram ၊  TikTok ၊ LINE ၊ Viber နှင့် Meta ကုမ္ပဏီ ပိုင် WhatsApp စသည်တို့ကို ဒေါင်းလုဒ်လုပ်ကြရန် ပြည်သူ များကို တိုက်တွန်းခဲ့သည်။

ဟွန်ဆန်သည် ၎င်း၏ ဇနီးနှင့် အနာဂတ်တွင် တိုင်းပြည်ခေါင်းဆောင်အဖြစ် တာဝန်ယူရန် ထင်ရှားစွာ ရှုမြင်ခံရသည့် သားအကြီးဆုံး ဟွန်မာနက်အပေါ်  ပြိုင်ဘက်များထံမှ စော်ကားသည့် လူမှုကွန်ရက်ပေါ်က မှတ်ချက်စကားများ နှင့် ပတ်သက်ပြီးလည်း  Facebook အနေနှင့် မျက်ကွယ်ပြုထားသည်ဟု စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ရိုက်ကူးခဲ့သော ဗီဒီယိုကြောင့် ဟွန်ဆန်၏ Facebook နှင့် Instagram အကောင့်များကို ခြောက်လကြာ ဆိုင်းငံ့ထားရန် Meta ၏ ကြီးကြပ်ရေးဘုတ်အဖွဲ့မှ ဇွန်လ ၂၉ ရက်နေ့ တွင် အကြံပြုထားသည်။ အဆိုပါ ဗီဒီယိုတွင်း ဟွန်ဆန် သည် အတိုက်အခံများအနေနှင့် လာမည့် ဇူလိုင်လ ရွေးကောက်ပွဲ တွင်း  နိုင်ငံလုံးဆိုင်ရာ မဲရုံများတွင် ၎င်း၏ပါတီအား မဲခိုးမှုဖြင့် စွပ်စွဲခဲ့ပါက တရားဥပဒေအရ အရေးယူမှု (သို့မဟုတ်) တုတ်ဖြင့် ရိုက်နှက်မှု ကို ကြုံတွေ့ရမည် ဟု ခြိမ်းခြောက်ခဲ့သည်။

နာရီပေါင်းများစွာ အကြာတွင် Meta က အဆိုပါ ဗီဒီယိုကို ဖယ်ရှားရန် ဆုံးဖြတ်ချက်ကို လိုက်နာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“၎င်း၏ ဆုံးဖြတ်ချက် နှင့် ဘုတ်အဖွဲ့မှ ပေးအပ်ထားသော အကြံပြုချက်အားလုံး အပြင် ဝန်ကြီးချုပ် ဟွန်ဆန်၏အကောင့်များကို ဆိုင်းငံ့ထားရန် အကြံပြုချက်ကိုလည်း ပြန်လည်သုံးသပ်ပြီး တုံ့ပြန်သွားမည်” ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၃၈ နှစ်ကြာ အာဏာရပြီးနောက် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်သည် ကမ္ဘာ့သက်တမ်းအရှည်ဆုံး ခေါင်းဆောင်များထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။

၎င်း၏ပြိုင်ဘက်များ ၊ အထူးသဖြင့် ပြည်ပရောက် အတိုက်အခံခေါင်းဆောင် Sam Rainsy သည် ငယ်ရွယ်သော မဲဆန္ဒရှင်များထံ လက်လှမ်းမီရန် Facebook ကို အသုံးပြုလာသည့်နောက် ဟွန်ဆန် သည် ၎င်း၏ Facebook စာမျက်နှာကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ယခုအခါတွင်မူ ဟွန်ဆန် သည် ၎င်း၏နိုင်ငံရေး သတင်းစကားများကို ထောက်ခံအားပေးသူများထံ ပြန်လည်ပေးပို့ရန် Telegram အက်ပ်ကို အသုံးပြုနေပြီး လူငယ်များနှင့် ထိတွေ့ဆက်ဆံရန်အတွက် TikTok ကို အသုံးပြုနေပြီဖြစ်သည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခု ဖြစ်သည့် Human Rights Watch က “လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများနှင့် ပတ်သက်ပြီး အာဏာရှင် နှင့် နည်းပညာ ကုမ္ပဏီကြီး အကြား ထိပ်တိုက်တွေ့မှုဖြစ်သည်” ဟုဆိုကာ “ဒါမျိုးကလည်း တော်တော်ကြာနေပါပြီ” ဟု မှတ်ချက်ပေးခဲ့သည်။

Reference

●       AFP

●       The Straits Times