ဌာနဆိုင်ရာရုံးများတိုက်ခိုက်ခံရပြီးနောက် သုံးပတ်ကျော်ကြာသည်အထိ လောင်းလုံးမြို့တွင် စစ်ဆေးမှုတင်းကျပ်

0
2145

လောင်းလုံးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရပြီးနောက် သုံးပတ်ကျော်ကြာလာသည်အထိ မြို့ပေါ်တွင် စစ်ဆေးမှုများကို စစ်ကောင်စီက တင်းကျပ်ထားဆဲဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။

လဝကရုံး၊ စစ်ဖက်ရေးရာလုံခြုံရေးရုံး၊ မြို့မရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက မေလ ၂၃ ရက်တွင် တစ်ပြိုက်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ်တွင် စစ်ဆေးတင်းကျပ်ထားခြင်းဖြစ်သည်။

တိုက်ခိုက်ခံရမှု သုံးပတ်ကျော်ကြာလာသည်အထိ မြို့ပေါ်ရှိ နေအိမ်များထဲ ဝင်ရောက်ရှာဖွေဖမ်းဆီးခြင်း၊ လမ်းသွား၊ လမ်းလာ ခရီးသည်များ၏ ကား၊ ဆိုင်ကယ်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း မြို့ခံတို့က ဆိုသည်။

“လောင်းလုံး တစ်ခါသွားရင် မြို့ထဲမှာကို သုံးနေရာလောက် အစစ်ခံရတယ်” ဟု ယနေ့ ဇွန်လ ၁၅ ရက် နံနက်ပိုင်းက လောင်းလုံးမြို့ပေါ်သွားခဲ့သည့် ခရီးသည်တစ်ဦးက ပြောသည်။

လောင်းလုံးမြို့ အဝင်အထွက် ဂိတ်ပေါက်နှစ်ခုတွင် ပုံမှန်စစ်ဆေးပြီး မြို့ထဲတွင်မူ နေရာအတည်အကျမရှိဘဲ ရွေ့လျားစစ်ဆေးနေကြောင်း ကိုယ်တိုင်အစစ်ခံရသူတို့က ပြောဆိုသည်။

နံနက်ပိုင်းနှင့် ညနေပိုင်းတွင် ပုံမှန်စစ်ဆေးတင်းကျပ်လေ့ရှိပြီး နေ့လယ်ပိုင်းတွင်မူ တစ်ခါတရံသာစစ်ဆေးကြောင်း ဆိုသည်။

“အရင်လိုမျိုး မဟုတ်ဘူး။ အရင်ကဆို စစ်ရင်လည်း နည်းနည်းပါးပါးပဲ။ လူတိုင်းကို မစစ်ဘူး။ အခုက အသေးစိတ် စစ်တယ်။ ဖုန်းကို စစ်တယ်။ မှတ်ပုံတင်လည်း စစ်တယ်။ လိုင်စင်အကုန် စစ်တယ်။ တစ်ခုရှိရင် နောက်တစ်ခု စစ်တယ်။ မဆိုင်တာတွေလည်း လျှောက်မေးတယ်။ ဆန္ဒပြပွဲဘယ်မှာလုပ်နေလဲတို့၊ ခေါင်းဆောင်ကို သိလားတို့ အဲဒီလိုတွေမေးတယ်။ မသိလို့ မသိဘူးပြောရင်လည်း မရပြန်ဘူး။ ရစ်တယ်” ဟု လွန်ခဲ့သည့် သုံးရက်ခန့်က အစစ်ခံရသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

ဌာနဆိုင်ရာရုံးသုံးခု တိုက်ခိုက်ခံရသည့်နေ့တွင် ညတွင်းချင်း စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာပြီး မြို့ပေါ်နေအိမ်များကို ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန် စစ်ဆေးဖမ်းဆီးနေဆဲဖြစ်သည်။

ဖမ်းဆီးခံရသူများလည်း ရာနှင့်ချီရှိနေပြီး မြို့မရဲစခန်းတွင်ပင် နေရာမဆံ့တော့သည့်အထိ ဖြစ်နေကြောင်း ရဲစခန်းနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက Dawei Watch ကို မေလ ၃၁ ရက်က ပြောဆိုခဲ့ဖူးသည်။

ယင်းနောက်ပိုင်းလည်း ဖမ်းဆီးခံရသူများ ဆက်တိုက်ရှိနေဆဲဖြစ်သည်။ အချို့ကိုမူ ပြန်လွှတ်ပေးနေသည်များရှိသည်။ မည်မျှအဖမ်းခံပြီး မည်မျှပြန်လွှတ်ပေးထားသည်ကိုမူ အတိအကျသိရှိနိုင်ခြင်း မရှိသေးပေ။

ဌာနဆိုင်ရာရုံးသုံးခုကို မြို့ပြပြောက်ကျားတပ်ဖွဲ့နှစ်ခုက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မေလ ၂၆ရက်၊ ၂၉ ရက်တို့တွင်လည်း စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လောင်းလုံးမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး လောင်းလုံးမြို့ပေါ်တွင် ပစ်ခတ်ခံရသည်။

စမ်းလှမ်းကျေးရွာ အုပ်ချုပ်ရေးမှူးမှာ ပစ်ခံရပြီး နောက်တစ်ရက်တွင် ဆေးရုံ၌ သေဆုံးသွားခဲ့သည်။

ဇွန်လ ၄ ရက်ကမူ လောင်းလုံးအထက်တန်းကျောင်းရှိ စာသင်ခန်းနှင့် ကွန်ပျူတာများကို အမည်မသိသူများက ဝင်ရောက်ဖျက်ဆီးသွားခဲ့သည်။

ဇွန်လ ၁၂ ရက် ည ၁၁ နာရီခန့်ကလည်း လောင်းလုံးမြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လောင်းလုံးမြို့ သင်္ချိုင်းအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

“ထိခိုက်တာ‌ မကြားရဘူး။ သင်္ချိုင်းနားမှာတော့ မြေကြီးမှာ အပေါက်ကြီးကြီးတစ်ပေါက် ဖြစ်သွားတယ်လို့ ပြောနေကြတယ်။ သွားတော့ မကြည့်ဖြစ်ဘူး” ဟု မြို့ခံတစ်ဦးက ဆိုသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး မိနစ် ၃၀ ခန့်အကြာ ည ၁၂ နာရီခန့်တွင် မြို့အနီးနားကျေးရွာများသို့ စစ်လေယာဉ်ဟု ယူဆရသည့် လေယာဉ်သံများကြားရကြောင်း ဒေသခံတို့ကဆိုသည်။

အထက်တန်းကျောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကို မည်သူတို့ကလုပ်ဆောင်သည်ကို မသိရသေးပေ။

အထက်တန်းကျောင်း ဖျက်ဆီးခံရခြင်းမှာမူ ၎င်းတို့လုပ်ဆောင်ခြင်း မဟုတ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရသည့် လောင်းလုံး လဝကရုံးကိုလည်း အထွေထွေအုပ်ချုပ်ရေးမှူးရုံးထဲ ပြောင်းရွှေ့ဖွင့်လှစ်ထားပြီး လောင်းလုံးအထက်တန်းကျောင်းကိုလည်း စစ်ကောင်စီတပ်က အစောင့်ချကာ အပြင်လူ ဝင်ထွက်ခွင့် ကန့်သတ်ထားသည်။