ဝဲရစ်ရွာက အသက် ၈၀ကျော် စစ်ဘေးရှောင်အဘိုးတစ်ဦး အမောဖောက်သေဆုံး

0
2122

သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာက အသက် ၈၀ ကျော် အဘိုးတစ်ဦးဟာ စစ်ဘေးရှောင်နေစဉ် ဇွန်လ ၁၄ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရုတ်တရက် အမောဖောက်ကာ သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။

အဘိုးဦးဖေသန်းသည် ဝဲရစ်အပါအဝင် ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာသဖြင့် ကျေးရွာဘုန်းကြီးကျောင်းတွင် သွားရောက်ခိုလုံနေခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ခါတိုင်းဆို သူကသူ့အိမ်မှာပဲနေတယ်။ သားသမီးတွေက ပြေးကြစို့ဆိုပြောလည်း သူက တော်ရုံတန်ရုံ မပြေး တတ်ဘူး။ မနေ့ကတော့ အခြေနေအရမ်းဆိုးနေလို့ သူ့သမီးသွားပြောင်းလာတယ်တဲ့။ ညတုန်းက ရုတ်တရက်ကြီး ထဖြစ်တယ်။ အစ်မတို့နားမှာ ညရေးညတာဆို (ဆေးရုံသွားဖို့) ဘယ်ကားမှ ခေါ်မရဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါအဘိုး အသုဘသွားပို့ရန် ကျေးရွာသို့ နံနက်ပိုင်းတွင် သွားရောက်ခဲ့သော်လည်း လုံခြုံရေးစိတ်မချရသဖြင့် အသုဘ လိုက်မပို့ဘဲ ပြန်လာရကြောင်း အခြားနေရာတွင် သွားရောက်စစ်ဘေးရှောင်နေသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အသုဘပို့တာတောင် လူလေးငါးခြောက်ယောက်နဲ့ပဲ ပို့လိုက်ရတယ်” ဟု ရွာတွင်ရှိနေသူများ၏ ပြောဆိုချက်ကို အခြေခံကာ ၎င်းက ပြန်ပြောင်းပြောဆိုသည်။

ယခုရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်သံများကို ဆက်တိုက်ကြားနေရကြောင်း ဝဲရစ်ရွာဒေသခံတို့က ဆိုသည်။

ဝဲရစ်ရွာအနီး မင်းဒပ်ရွာတွင် ဇွန်လ ၁၄ရက် ညပိုင်းက အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မင်းဒပ်ရွာက အသက် ၅၀ ခန့်ရှိ ဦးဝင်းသိန်းဆိုသူ ဒဏ်ရာရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်နေခြင်း၊ ညရေးညတာဖြစ်နေခြင်းတို့ကြောင့် ညတွင်းချင်း ဆေးရုံတင်ပို့မနိုင်‌သဖြင့် ယနေ့ နံနက်မှ ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသဖြင့် ဝဲရစ်၊ မင်းဒပ်၊ ကမြိုင်၊ ရငဲ၊ သိမ်ကုန်း၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်၊ ကနက်သီရိ စသည့်ကျေးရွာ ရှစ်ရွာခန့်က ဒေသခံများ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်နေကြရသည်။

စစ်ကောင်စီတပ်သည် သရက်ချောင်းမြို့နယ်ကို ဇွန်လ ၈ ရက်နေ့ကတည်းက စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။