လောင်းလုံး စခန်းကြီးရွာက ဒေသခံသုံးဦး မှိုအဆိပ်သင့်၊ နှစ်ဦးဆေးရုံပို့ထား

0
2265
ပုံစာ - မှိုအဆိပ်သင့်လက္ခဏာပြသူနှစ်ဦးကို ဆေးရုံပို့ရန် စီစဉ်နေစဉ်

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာက ဒေသခံသုံးဦး မှိုအဆိပ်သင့်ပြီး နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အလေ့ကျပေါက်ရောက်သည့် သစ်ချစေ့မှို (ဒေသအခေါ် သစ်တပ်စေ့) မှိုကို ဒေသခံသုံးဦးက ဇွန်လ ၁၁ ရက် နေ့လယ်စာတွင် စားသုံးမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ယင်းနောက် ညနေသုံးနာရီခန့်တွင် အစာအဆိပ်သင့်သည့် လက္ခဏာများဖြစ်သည့် ရယ်ခြင်း၊ မူးဝေအော့အန်ခြင်းတို့ ဖြစ်လာကြောင်း ဒေသခံတို့က ဆိုသည်။

“မိသားစုလေးယောက်မှာ နှစ်ယောက်ရဲ့ အခြေအနေက အောက်ဆီဂျင်တွေရော၊ သွေးပေါင်တွေရော ထိုးကျတော့ ဆေးရုံအမြန်ပို့လိုက်ရတယ်” ဟု ကူညီပေးရာတွင်ပါဝင်သူ ဒေသခံတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၁၁ ရက် ညနေ ၅ နာရီခန့်တွင် ထားဝယ်မြို့ရှိ ချမ်းမြေ့ပုဂ္ဂလိကဆေးရုံသို့ တင်ပို့လိုက်ခြင်းဖြစ်သည်။

မှိုအဆိပ်သင့်သူများမှာ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၅၀ ဝန်းကျင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

မိသားစုဝင်လေးဦးအနက် အသက် ၂၀ ကျော် လူငယ်တစ်ဦးသာ မှိုမစားမိသဖြင့် အဆိပ့်မိခြင်း မရှိကြောင်း ဒေသခံအချို့က ပြောသည်။

မှိုစားမိသည့် သုံးဦးအနက် နှစ်ဦးမှာ မူးဝေအော့အန်ခြင်း၊ ရီမောခြင်း၊ အောက်ဆီဂျင်နှင့် သွေးပေါင်ကျခြင်း စသည့် လက္ခဏာများတွေ့ရသဖြင့် အရေးပေါ်ကားဖြင့် ဆေးရုံတင်ပို့လိုက်ခြင်းဖြစ်သည်။

လက္ခဏာမပြင်းထန်သည့် အသက်ကြီးပိုင်း အမျိုးသမီးကြီးမှာမူ နေအိမ်တွင်ပင် ကျန်ရစ်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

မိုးရာသီဆိုပါက ထားဝယ်ဒေသတွင် သဘာဝအလျောက်ပေါက်ရောက်နေသည့် မှိုများကို ဒေသခံများက ခူးယူချက်စားခြင်း၊ ရောင်းချခြင်းတို့ ပြုလုပ်လေ့ရှိသည်။

ယခုအဆိပ်သင့်လက္ခဏာပြသည့် သစ်ချစေ့မှို (သစ်တပ်စေ့မှို) မှာလည်း သဘာဝအလျောက် ပေါက်ရောက်နေသည့် မှိုတစ်မျိုးဖြစ်ပြီး ဒေသတွင်း အချို့သူများ ခူးယူစားသုံးလေ့ရှိသည်။