တနင်္သာရီတိုင်းတွင် ယခုနှစ် ကျောင်းအပ်နှံသူ နှစ်သိန်းကျော်ရှိဟုဆို

0
2106

တနင်္သာရီတိုင်းတွင် ယခု ၂၀၂၃ -၂၄ ပညာသင်နှစ် ကျောင်းအပ်နှံသူဦးရေမှာ နှစ်သိန်းကျော်(၂၁၂၅၇၅ ဦး) ရှိကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။

ယင်းမှာ တိုင်းအတွင်းရှိ အခြေခံကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ အာလုံး၏ ဇွန် လ ၉ ရက်နေ့အထိ ကျောင်းအပ်နှံစာရင်းဖြစ်သည်။

အာဏာမသိမ်းခင်ကမူ တိုင်းအတွင်းကျောင်းအပ်နှံသူ သုံးသိန်းကျော် (၃၁၀၀၀၀ ကျော်)ရှိသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းသည့်နှစ်တွင် ကျောင်းအပ်သူတစ်ရှိန်ထိုးကျဆင်းသွားပြီး သုံးသိန်းကျော်တွင် တစ်သိန်းသုံးသောင်းနီးပါး( ၁၂၉၂၃၆ ဦး) သာကျောင်းအပ်နှံခဲ့သည်။

အာဏာမသိမ်းခင်က ကျောင်းသားဦးရေနှင့် နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် ၂၀ ရာခိုင်းနှုန်းကျော်သာ ကျောင်းအပ်နှံပြီး ၂၀၂၂ ခုနှစ်တွင်မူ နှစ်သိန်းနီးပါး( ၁၉၀၅၇၇ ဦး) ရာခိုင်နူန်းအားဖြင့် ၆၁ ရာနှုန်းကျော်ရှိလာခဲ့သည်။

ယခု ၂၀၂၃ ခုနှစ်တွင်မူ နှစ်သိန်းကျော်အထိရှိလာသဖြင့် ရာခိုင်နှုန်းအားဖြင့် ၇၀ ရာနှုန်းကျော်ရှိသည်။

ယခုနှစ်တွင်  ၁၂ တန်း( Grade 12) အထိ ပညာရေးကို စတင်အကောင်အထည်ဖော်သည့်နှစ် ဖြစ်သောကြောင့် အတန်းတိုးလာသဖြင့် ကျောင်သားဦးရေလည်းတိုးလာခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးကဆိုသည်။

ယင်းအပြင် ယခင်က လုံခြုံရေးအခြေအနေကြောင့် ကျောင်းမအပ်သူများ ယခုနှစ်တွင် ကျောင်းအပ်လာကြခြင်းကြောင့်လည်း ကျောင်းသာဦးရေပိုများလာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကလေးတွေကို ကျောင်းမထားလို့မရဘူးဆိုတာ မိဘတိုင်းသဘောပေါက်ပြီးသားပါ။ သူတို့မှာ စိုးရိမ်စရာတွေရှိနေလို့သာ‌ပါ။ အခုတော့ ကလေးတွေက အရွယ်ကြီးလာကြပြီလေ။ အရွယ်နဲ့အတန်းနဲ့မမျှတဲ့အခါ ကလေးတွေဘဝနစ်မွန်းသွားမှာကို စိုးရိမ်လာတာတွေ့နေရတော့ ဒါကြောင့်လည်း ကျောင်းအပ်နှုန်းပိုလာတယ်လို့ပဲ ပြောရမှာပေါ့” ဟု ၎င်းကဆိုသည်။

တစ်တိုင်းလုံးတွင် အခြေခံပညာကျောင်းပေါင်း ၁၅၀၀ ကျော်ရှိသည့်အနက် ယခုနှစ်တွင် ကျောင်းပေါင်း ၁၀၀၀ နီးပါးပြန်လည်ဖွင်လှစ်နေပြီဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ရာနှုန်းပြည့်ကျောင်းဖွင့်နိုင်သည့်မြို့နယ်များမှာ ပဋိပက္ခဖြစ်ပွားမှု အနည်းဆုံးဒေသများဖြစ်သည့် မြိတ်၊ ကျွန်းစု၊ ဘုတ်ပြင်းနှင့် ‌ကော့သောင်းမြို့နယ်တို့ဖြစ်ပြီး ကျောင်းအများဆုံးမဖွင့်နိုင်သည်မှာ လောင်းလုံးမြို့နယ်ဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်နှံထားသူ ကျောင်းသားမိဘအချို့မှာမူ နည်းပညာအခက်အခဲကြောင့် အွန်လိုင်းပညာရေးကို လက်လှမ်းမမီခြင်း၊ အွန်လိုင်းပညာရေးမှာ ရှေ့ဆက်ပညာသင်ယူခွင့်အတွက် ခက်ခဲသည့် အခြေအနေဟု ယူဆလာခြင်းတို့ကြောင့် အခြေခံကျောင်း သို့မဟုတ် ကိုယ်ပိုင်ကျောင်းတို့တွင် အပ်နှံခြင်းဖြစ်ကြောင်းပြောဆိုသည်။

“ပိုက်ဆံရှိတဲ့သူတွေကတော့ အွန်လိုင်းကျောင်းတက်ပြီးပဲဖြစ်ဖြစ်၊ ၊GED ဖြေပြီးပဲဖြစ်ဖြစ် နိုင်ငံခြားမှာ တက္ကသိုလ် သွားတက်လို့ရတယ်လေ။ ပိုက်‌ဆံမတတ်နိုင်တဲ့သူတွေက ဘယ်လိုလုပ်မှာလဲ။ ဒီအတိုင်းပဲနေရမှာလားဆိုပြီး ဖြစ်လာတယ်လေ။ အတိုင်းအတာတစ်ခုအထိလည်း ကျောင်းမတက်ဘဲနေခဲ့တာပဲ။ အခုအခြေကနေ သားသမီးတွေရဲ့ ရှေ့ရေးအတွက် ကျောင်းတက်မှရမှာမို့လို့ပါ” ဟုထားဝယ်မြို့ခံ ကျောင်းသားမိဘတစ်ဦးကဆိုသည်။

တိုင်းအတွင်းတွင် ‌စစ်ဘေးရှောင်စခန်းတွင် သင်ယူနေသောကျောင်းသားများ၊ ပဋိပက္ခဒေသက ကျောင်းသားများ၊ အွန်လိုင်း သို့မဟုတ် တော်လှန်ရေးအဖွဲ့အစည်းများက ပို့ချသည့် မြေပြင်ကျောင်းများတွင် ပညာသင်ယူနေသူများလည်း ရှိသည်။

ယင်းအပြင် မည်သည့်အဖွဲ့အစည်းအောက်တွင်မှ ပညာသင်ကြားခြင်းမရှိဘဲ ကျူရှင်ပုံစံ ပညာသင်ကြားနေသူများလည်းရှိသည့်အပြင် လုံးဝပညာမသင်ကြားရသည့် ကလေးများလည်း ရှိနေဆဲဖြစ်သည်။

အခြေခံပညာကျောင်းတွင်မူ တစ်နှစ်ပတ်လုံး ကျောင်းအပ်လက်ခံနေသဖြင့် နောက်ထပ်ကျောင်းအပ်သူအရေအတွက် ထပ်တိုးလာနိုင်ခြေရှိနေကြောင်း တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူကဆိုသည်။