တနင်္သာရီတိုင်း ဝန်ကြီးများအိမ်ရာကို လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ဟု လောင်းလုံးပကဖထုတ်ပြန်

0
477

တနင်္သာရီတိုင်း၏မြို့တော် ထားဝယ်မြို့အတွင်းရှိ ဝန်ကြီးအိမ်ယာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဇွန်လ ၁ ရက်နေ့ကထုတ်ပြန်ခဲ့သည်။

မေလ ၃၁ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် ၈၁ မမ အမျိုးအစား လက်နက်ကြီးကိုးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် ကမြောကင်းတံတား အနီးရှိ ကင်းပုန်းဝတ်နေသော စစ်ကောင်စီတပ်သားများထံသို့လည်း လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ဟုပါရှိသည်။

ယင်းသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များအကြား နာရီဝက်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာ နှစ်ဖက်ပစ်ခတ်မှုမှ ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည်ဆန်အစအချို့မှာ ထားဝယ်မြစ်ကမ်းနံဘေးရှိ ကျေးရွာအချို့၏ လူနေအိမ်များကြား ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

” အနားမှာ လာကွဲသလိုပဲ ရင်တွေတောင်တုန်တယ်။ သက်ကြီးတွေနဲ့ ကလေးသူငယ်တွေကိုပဲ စိတ်ပူမိတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် နှစ်ဖက် ထိခိုက်၊ဒဏ်ရာရရှိမှုအခြေအနေကိုမူ မသိရသေးပေ။

လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်ကမူ ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်းထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြထားသည်။

သို့သော် ယင်းအဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိမှုကိုမူ ထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြထားခြင်းမရှိပေ။

ယင်းတိုက်ခိုက်မှုအပြီး တစ်ရက်အကြာ ဇွန်လ ၁ ရက်နေ့ညတွင်လည်း စစ်ကောင်စီဘက်မှ လောင်းလုံးဘက်ခြမ်း ထားဝယ်မြစ်ကမ်းဘေးရှိ ကျေးရွာအချို့တွင် လှည့်ကင်းဆောင်ရွက်နေသည်ကို တွေ့ရကြောင်းဒေသခံများ၏ ပြောကြားချက်အရသိရသည်။

စစ်ကောင်စီတပ်သည် မေလ ၂၄ ရက် နေ့ကစပြီး ထားဝယ်မြို့မှ သုံးမိုင်ခန့်အကွာ လောင်းလုံးမြို့နယ်ရှိ သဲပုံတောင် ပေါ်တွင် စခန်းသစ်တည်ဆောက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။

သို့သော်ယင်းကိစ္စအသေးစိတ်ကိုမူ စုံစမ်း၍မရသေးပေ။