မြိတ်ဒေသထွက် ဒူးရင်းသီးအစေ့ ယမန်နှစ်ဈေး၏ ထက်ဝက်သာရ

0
453

ထိုင်းသို့ တင်ပို့သည့် မြိတ်‌ဒေသထွက် ဒူးရင်းသီးအစေ့ဈေးမှာ ဇွန်လ ၁ရက်တွင် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်သာ ဈေးရှိသဖြင့် ယမန်နှစ် ပေါက်ဈေး၏ ထက်ဝက်ခန့်သာ ရရှိသေးကြောင်း ယင်းဈေးကွက်တွင်းမှ သိရသည်။

ပြီးခဲ့သည့်နှစ် မေလအတွင်းက ဒူးရင်းသီးအစေ့ တစ်ပိဿာလျှင် ၇၀၀၀ ကျပ်ကျော် ရှိခဲ့ပြီး ဇွန်လအစပိုင်းတွင် ၈၀၀၀ မှ ၈၅၀၀ ကျပ်အထိ ဈေးရှိခဲ့ကြောင်း ဒူးရင်းသီးအစေ့ဈေးကွက်မှ စုံစမ်းသိရှိရသည်။

ယခုနှစ်တွင် ဒူးသီးအစေ့ စဝယ်သည့် ဧပြီလအတွင်းက တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ရှိခဲ့ပြီး မေလအစပိုင်းတွင် ၂၅၀၀ ကျပ်ဖြစ်လာခဲ့ကြောင်း ဒူးရင်းသီးအစေ့ အဝယ်ဒိုင်အချို့ထံမှ သိရသည်။

မေလ ၂ဝရက် နောက်ပိုင်းမှစပြီး တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြစ်လာခဲ့ကြောင်း ဒူးရင်းသီးအစေ့အဝယ်ဒိုင်တစ်ဦးက ပြောသည်။

ယင်းနောက် ဇွန်လဆန်းတွင် ၄၅၀၀ ကျပ်ဖြစ်လာခဲ့သည်။

“ဒီနှစ်ရာသီဥတုက မိုးမရှိတော့ ဒူးရင်းသီးတွေကြွေကုန်တာ။ နေတအားပူများတော့ အစေ့က အပင်မပေါက် အညှောက် မထွက်တော့ဘူး။ အစေ့လည်းသေးတယ်။ ဒါကြောင့်ဈေးနည်းသွားတာ” ဟု ဒူးရင်းသီးအစေ့အဝယ်ဒိုင်က ပြောသည်။

ယမန်နှစ်က မိုးမှန်ပြီး နေပူပြင်းမှုမရှိသည့်အတွက် ဒူးရင်းသီးအကြွေမရှိဘဲ ဒူးရင်းအစေ့ အရည်အသွေးကောင်းသောကြောင့် ဈေးကောင်းရရှိခြင်းဖြစ်ကြောင်း ၎င်းက ပြောပြသည်။

“ပထမအသုတ်က ထွက်တဲ့ဒူးရင်းသီးစေ့က သေးတယ်။ အခုဒုတိယသုတ်မှာ ထွက်တဲ့အသီးက အရွယ်မှန် ဆိုဒ်မှန်ပဲ။ အစေ့လည်းလှတယ်။ အစေ့လည်းကြီးတယ်။ ဝယ်တဲ့သူတွေလည်း များလာနေပြီ။ ဈေးကလည်း ကောင်းလာတော့ မှာပါ” ဟု ကျွန်းစုမြို့နယ်အတွင်းရှိ ဒူးရင်းသီးအစေ့ ဝယ်ယူရောင်းချနေသူတစ်ဦးက ပြောသည်။

တစ်ပိဿာလျှင် ၄၅၀၀ ကျပ်ဈေးနှုန်းသည် အဝယ်ဒိုင်ကြီးတို့မှ ဝယ်ယူနေသည့် ဈေးဖြစ်သည်။

ထို့အပြင် ရပ်ကွက်များအတွက် ဒူးရင်းသီးအစေ့များ လိုက်လံဝယ်ယူပြီး အဝယ်ဒိုင်ကြီးတို့တွင် တစ်ဆင်ခံ ပြန်လည်ရောင်းချသူတချို့ရှိကြသည်။

၎င်းတို့သည် ဒိုင်မှပေးသည့် ဈေးနှုန်း၏ ထက်ဝက်နှုန်းဖြင့် လိုက်လံဝယ်ယူနေကြောင်း ဒူးရင်းသီးအစေ့များ လိုက်လံဝယ်ယူနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“ဈေးနည်းသေးတော့ ရောင်းသမားသိပ်မရှိသေးဘူး။ မနှစ်ကဆို ဈေးလည်းကောင်းတော့ တွန်းလှည်းနဲ့ လိုက်ဝယ် ရတာ။ တစ်ရက်ကို လေးငါးသောင်းလောက်ကျန်တယ်။ အခုက တစ်သောင်း၊ တစ်သောင်းကျော်လောက်ပဲရ‌တယ်” ဟု ၎င်းက ဆိုသည်။

မြိတ်တွင် ပြီးခဲ့သည့် လေးနှစ်ခန့်မှစပြီး ဒူးရင်းသီးအစေ့တို့အား ထိုင်းဘက်မှ စတင်ဝယ်ယူပြီးနောက် ဒူးရင်းသီးအစေ့ ဈေးကွက် စတင်ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ထိုင်းဘက်မှ နှစ်စဉ် ဝယ်ယူနေသဖြင့် ဒေသတွင်းရှိ အဝယ်ဒိုင်တို့မှတဆင့် တင်ပို့ရောင်းလာကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံက ဒူးရင်းသီးအစေ့တို့အား ပျိုးပင်များအဖြစ် ပြန်လည်ပျိုးထောင်ခြင်း၊ အလှကုန်များနှင့် စားသောက်ကုန် အချို့တွင် ထည့်သွင်းအသုံးပြုလေ့ရှိကြကြောင်း မောတောင်နယ်စပ်ရှိ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ အချို့က ပြောသည်။

အဆိုပါ ဒူးရင်းသီးအစေ့တို့အား မောတောင်နှင့် ကော့သောင်းနယ်စပ်တို့မှ ထိုင်းသို့တင်ပို့ရောင်းချလေ့ရှိကြသည်။