လောင်းလုံးကျေးရွာအချို့ ပြောင်းရွေ့ရမည်ဆိုသောသတင်းကြောင့် ထားဝယ်အိမ်ခြံမြေစျေးကွက်လှုပ်ခတ်

0
480

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီက ငါးရက်အတွင်း ပြောင်းရွှေ့ပေးရမည်ဆိုသည့် ကောလာဟလ သတင်းများ ပျံ့နှံ့လာသဖြင့် ဒေသခံများအကြားတွင် စိုးရိမ်စိတ်များဖြစ်ပေါ်နေသည်။

သို့သော် ယင်းသတင်းနှင့် ပတ်သက်၍ အတည်ပြုပေးနိုင်သူ မရှိသေးပေ။

ထားဝယ်အိမ်ခြံမြေ စျေးကွက်တွင်တော့ ယင်းသတင်းကြောင့် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေသည်။

အဆိုပါကောလာဟလမှာ မေလနောက်ဆုံးအပတ်မှစပြီး လူမှုကွန်ရက်တွင် ပျံ့နှံ့လာသလို ဒေသခံများကြားတွင်လည်း တီးတိုးပြောဆိုလာကြခြင်းဖြစ်သည်။

Dawei Watch က ဒေသခံများထံ ဆက်သွယ် စုံစမ်းမေးမြန်းချက်အရ ပြောင်းရွှေ့ရမည်ဟု ကောလာဟလသတင်း ထွက်ပေါ်နေသည့် ကျေးရွာများမှာ သဲပုံရွာ၊ သာယာကုန်း၊ စစ်ပြဲ၊ လေးသွန်းခံ၊ က‌ ထောင်းနီ၊ ကညုံကျွန်းနှင့် ကဒက်ငယ်ဆိပ်ရွာတို့ပါဝင်နေသည်။

ယင်းကျေးရွာများအပြင် အခြားကျေးရွာများလည်း ပါဝင်နိုင်သေးသည်။

“အဲသတင်းတော့ ကြားရတယ် လူတွေပြောနေကြတာ။ ရွာထဲမှာတော့ ပြောင်းနေတာရွှေ့နေတာ မျိုးတော့မရှိ သေးဘူး။ အေးဆေးနေတုန်းပါပဲ”ဟု သာယာကုန်းရွာက ဒေသခံတစ်ဦးကပြောသည်။

ထိုသတင်းထွက်ပေါ်နေသည့်ရွာများမှာ စစ်ကောင်စီစစ်ကြောင်း မကြာခဏဝင်ရောက်လေ့ရှိသည့် ကျေးရွာများဖြစ်သည်။

မေလနောက်ဆုံးပတ်ကမူ  စစ်ကောင်စီတပ်ဖွဲ့ဝင်များ လောင်းလုံးမြို့နယ်၊ သဲပုံကျေးရွာ သဲပုံတောင်တွင် စခန်းချပြီး သဘော့ဆိပ်ကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်ခဲ့ဖူးသည်။

ယင်းနောက်ပိုင်း ဒေသခံရွာသားတစ်ချို့ အခြားရွာသို့ ခေတ္တပြောင်းရွှေ့နေထိုင်ခြင်းရှိကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တနင်္သာရီတိုင်း စစ်ကောင်စီအဖွဲ့ထံ အကြိမ်ကြိမ် ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

အဆိုပါကောလာဟလမျိုး လွန်ခဲ့သည့် ဧပြီလကလည်း ထွက်ပေါ်ခဲ့ဖူးသည်။

Dawei Watch စုံစမ်းမေးမြန်းချက်အရ ယင်းကောလာဟလသတင်းမှာ ထားဝယ်အိမ်ခြံမြေဈေးကွက်ထဲမှ ပျံ့နှံ့လာဖွယ်ရှိနေသည်။

“ကျွန်မတို့ ထားဝယ်မှာ မြေသွားကြည့်တော့ လောင်းလုံးဖက်က ရွာတွေပြောင်းရမယ်ဆိုပြီး သတင်းထွက်နေတယ်တဲ့။ ဘယ်ရွာတွေလဲမေးတော့ ကညုံကျွန်း၊ စစ်ပြဲတို့ အဲလိုပြောတယ်။ ကျွန်မလန့်တောင်လန့်သွားတယ် ကြားကြားချင်း။ ငါအဲဒီရွာမှာနေတာ ဘာမှမကြားရဘူး။ သူတို့က မြို့မှာနေတာဆိုတော့ သူတို့ပြောတာမှန်မယ်ထင်တယ်ဆိုပြီး တွေးနေသေးတာ” ဟု မေလ ဒုတိယအပတ်က ထားဝယ်မြို့တွင် အိမ်ခြံမြေသွားရောက်ကြည့်ရှုခဲ့သူ လောင်းလုံးဒေသခံတစ်ဦးကဆိုသည်။

လတ်တလောတွင် တိုက်ပွဲများ၊ စစ်ကြောင်းထိုးရှာဖွေဖမ်းဆီးမှုများ‌ကြောင့် နယ်ကျေးရွာများမှ ဒေသခံများမှာ ထားဝယ်မြို့ပေါ်တွင် အိမ်ခြံမြေဝယ်ယူကာ ပြောင်းရွေ့နေထိုင်မှုများ သိသိသာသာ များပြားလာသည်။

ထိုအပြင် ကျောင်းဖွင့်ရာသီဖြစ်သောကြောင့် နယ်တွင်ကျောင်းမဖွင့်သည့်ရွာများက မြို့ပေါ်တွင် ကျောင်းထားရန်အတွက်လည်း အိမ်ခြံမြေဝယ်ယူသူ၊ ငှားရမ်းသူများ များပြားလျက်ရှိသည်။

ယင်းအချက်ကို အခွင့်ကောင်းယူကာ အိမ်ခြံမြေပွဲစားဆိုသူတို့က ထားဝယ်မြို့ပေါ်တွင် အကွက်ရိုက်မြေများကို ရောင်းထုတ်လျက်ရှိသည်။

အများအားဖြင့် ကောလာဟလသတင်းလွှင့်ပြီး မြေအရောင်းအဝယ်ဖြစ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်သူတို့မှာ အိမ်ခြံမြေ အကျိုးဆောင်လိုင်စင်မရှိ၊ ကျင့်ဝတ်မရှိဘဲ ပွဲစားအမည်ခံသူများ ဖြစ်နိုင်ကြောင်း တနင်္သာရီတိုင်း အိမ်ခြံမြေဝန်ဆောင်မှုအသင်း တာဝန်ရှိသူတစ်ဦးကဆိုသည်။

“လိုင်စင်မရှိတဲ့ပွဲစားတွေဆိုတာက တစ်ခုခုဖြစ်တာနဲ့ကို ဝမ်းသာနေကြတာရှိတယ်။ ဟိုရွာဖြစ်ရင် တက်လာကြပြီ၊ ဒီရွာမှာဖြစ်ရင်တက်လာကြပြီ။ ဒီရွာကတော့ တက်လာပြန်တော့မယ်။ အဲဒါဆိုရင် ဂွင်ဖြစ်ပြီပေါ့။ အဲလိုမျိုးဖြစ်နေကြတာ” ဟု ၎င်းတာဝန်ရှိသူကဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့တွင် ကဏ္ဍအလိုက် ပွဲစားအုပ်စုများ ပေါ်ထွက်လာပြီး ယင်းတို့အထဲတွင် အိမ်ခြံမြေလောကတွင် အများဆုံးဖြစ်သည်။