၃ နှစ်တာ အတွင်း Elon Musk  ၏ ပထမဆုံး တရုတ်ပြည် ခရီးစဉ်

0
407

Tesla ၏ အမှုဆောင်အရာရှိချုပ် Elon Musk သည် သုံးနှစ်တာအတွင်း ၎င်း၏ပထမဆုံးခရီးစဉ်အဖြစ် ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည်။

မေလ ၃၀ ရက်နေ့တွင် ဘေဂျင်းသို့ ရောက်ရှိခဲ့ပြီးနောက် Musk သည် ရှန်ဟိုင်းရှိ Tesla ၏ ထုတ်လုပ်ရေး စက်ရုံကြီး သို့ သွားရောက်လည်ပတ်ရန် မျှော်လင့်ထားသည်။

ဘီလျံများစွာ ကြွယ်ဝသော နည်းပညာလုပ်ငန်းရှင် ဖြစ်သည့် Musk သည် တရုတ်နိုင်ငံ သို့ ဆိုက်ရောက် ပြီး နာရီပိုင်းအတွင်း နိုင်ငံခြားရေးဝန်ကြီး Qin Gang နှင့် ဦးစွာ တွေ့ဆုံခဲ့သည်။

အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုများ ပိုမိုမြင့်တက်နေသည့်အကြား ဤသို့ စတင်လိုက်သော ခရီးစဉ်နှင့် ပတ်သက်၍ Musk က လူသိရှင်ကြား မှတ်ချက် တစ်စုံတရာ မပေးသေးပေ။

မေလ ၃၁ ရက်နေ့တွင် ဘေဂျင်းမြို့ရှိ ဟိုတယ်တစ်ခုမှ ထွက်ခွာလာစဉ် သတင်းထောက်များ၏ မေးမြန်းမှုတွင် Musk က ၎င်း၏ ခရီးစဉ်တွင်း အစီအစဉ်များနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

အဆိုပါနေ့ နှောင်းပိုင်းတွင် Musk သည် တရုတ်စက်မှုလုပ်ငန်းဝန်ကြီး Jin Zhuanglong နှင့်တွေ့ဆုံကာ လျှပ်စစ်ကားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့သည်။

အမေရိကန်၏ နောက်တွင် Tesla ၏ အကြီးမားဆုံးစျေးကွက်ဖြစ်သည့် တရုတ်နိုင်ငံတွင် ကားထုတ်လုပ်သည့် လုပ်ငန်းကို တိုးချဲ့ရန် Musk အနေနှင့် ဆန္ဒ ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မေလ ၃၀ရက်နေ့ ကြေညာချက်တွင် ဖော်ပြပါရှိသည်။ 

အဆိုပါ တွေ့ဆုံမှုအတွင်း Musk က အမေရိကန်နှင့် တရုတ် ၊ နှစ်နိုင်ငံအကြား စီးပွားရေးကဏ္ဍ ကို “ကိုယ်ချင်းဆက် အမွှာများပမာ” ဟု ထုတ်ဖော်ပြောကြားခဲ့ကြောင်း ယင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါ ပြောကြားချက်နှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် BBC ၏ ဆက်သွယ်မေးမြန်းမှုကို Musk ၏ ကုမ္ပဏီ၊  Tesla ဘက်က ချက်ချင်း တုံ့ပြန်ခြင်းမရှိပေ။

လူမှုကွန်ရက် Twitter ၏ ပိုင်ရှင် Musk သည် ၎င်း၏ အကောင့်တွင် follower ၁၄၁ သန်းကျော်ရှိသော်လည်း ယခုခရီးစဉ်တွင်းမှာမူ ယခင်ကနှင့်မတူ တိတ်တိတ်ဆိတ်ဆိတ်နေလျက် ရှိသည်။

သူသည် တစ်နေ့လျှင် အကြိမ်များစွာ Twitter ပေါ်တွင် ပို့စ်(Tweets)များ တင်လေ့ ရှိကြောင်း ကျော်ကြားသော်လည်း မေလ ၃၀ရက်နေ့ မွန်းလွဲပိုင်း ၊ တရုတ်နိုင်ငံသို့ ဆိုက်ရောက်သည့် အချိန်က စပြီး ၃၁ရက်နေ့ ၊ နေ့လယ်ပိုင်းအထိ မည်သို့သော အကြောင်းတစုံတရာကိုမျှ တင်ထားခြင်း မရှိသေးပေ။ 

Twitter သည် တရုတ်နိုင်ငံတွင် ပိတ်ပင်ထားသော လူမှုကွန်ရက်များအနက် တစ်ခု ဖြစ်သော်လည်း ၎င်းကို VPN (Virtual Private Networks) များမှတစ်ဆင့် ဝင်ရောက်သုံးစွဲနိုင်သည်။

Elon Musk သည် ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ ပူပူနွေးနွေး လာရောက်လည်ပတ်သည့် အမေရိကန်အခြေစိုက် ထိပ်တန်း အမှုဆောင်တစ်ဦးဖြစ်သည်။ ၎င်းမတိုင်မီ JP Morgan အမှုဆောင်အရာရှိချုပ် Jamie Dimon သည် ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး Apple ၏ သူဌေး ဖြစ်သူ Tim Cook မှာလည်း ပြီးခဲ့သည့် မတ်လတွင် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည်။

သို့သော်လည်း အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် Musk ၏ Tesla ကုမ္ပဏီ အနေနှင့် ဘေးကျပ်နံကျပ် ဖြစ်နေပုံရကြောင်း ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကုမ္ပဏီတစ်ခု ဖြစ်သည့် Wedbush Securities မှ Dan Ives က ဆိုသည်။

“(နိုင်ငံရေးတင်းမာမှုတွေ ရှိနေသော်လည်း) ဘေဂျင်းက sandbox (ထုတ်ကုန်နှင့် ဝန်ဆောင်မှုအသစ်များ ဖန်တီးနိုင်ရန် အာဏာပိုင်များက တည်ဆဲစည်းမျဉ်းများကို လျှော့ပေါ့ပေးထားကာ ကြီးကြပ်ကွပ်ကဲသည့် ဆန်းသစ်တီထွင်မှုရပ်ဝန်း) မှာ ဆက်ဆံရေးကောင်းမွန်အောင် ဖန်တီးတာက အမေရိကန် ရဲ့ Wall Street ဘက်ကနေ အသေးစိတ် အာရုံစိုက်ထားတဲ့အရာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုဟာ လာမယ့် နှစ်များအတွင်း တရုတ်နိုင်ငံထဲ Tesla ရဲ့ လုပ်ငန်း ချဲ့ထွင်မှုအပေါ် အနှောင့်အယှက်မဖြစ်စေဖို့ ရည်ရွယ်ပါတယ်” ဟု Ives က ထပ်လောင်းပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် Tesla သည် အမေရိကန် အပြင်ဘက်တွင် ကုမ္ပဏီ၏ ပထမဆုံးသော စက်ရုံ အဖြစ် တရုတ်နိုင်ငံ ၊ ရှန်ဟိုင်း တွင် ၎င်း၏ gigafactory ဟုခေါ်သော စက်ပစ္စည်းထုတ် စက်ရုံကြီး ကို စတင်တည်ဆောက်ခဲ့သည်။

အဆိုပါ နှစ်နှောင်းပိုင်းတွင် Tesla မှ တရုတ်ပြည်တွင်း ပထမဆုံး ထုတ်လုပ်သည့် ကားများကို မိတ်ဆက်နိုင်ခဲ့ပြီး အဆိုပါ အနေအထားသည် အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခု အတွက် အဓိကမှတ်တိုင်တစ်ခု ဖြစ်လာခဲ့သည်။

သို့သော်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း ဘဏ္ဍာရေး၊ ကုန်ထုတ်လုပ်မှုနှင့် ပို့ဆောင်ရေး အချက်အချာ ရှန်ဟိုင်း အပါအဝင် တရုတ်နိုင်ငံတစ်ဝှမ်း ပိတ်ဆို့မှုများကြောင့် ထုတ်လုပ်သူများအတွက် လုပ်ငန်းလည်ပတ်ရန် ပိုမိုခက်ခဲစေခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် Musk က ကိုရိုနာ အခြေအနေကြောင့် ရှန်ဟိုင်းတွင် ပိတ်ဆို့မှုများသည် Tesla အတွက် “အလွန်ခက်ခဲသည်” ဟုပြောကြားခဲ့ပြီး သူ့အနေနှင့် ၎င်း၏ gigafactory တွင် ထုတ်လုပ်မှုအများစုကို ရက်သတ္တပတ်များစွာ ရပ်ဆိုင်းထားခဲ့ရကြောင်း သိရသည်။

ထို့နောက် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ၊ ဩဂုတ်လတွင် ကား အစီးရေ တစ်သန်းအထိ ထုတ်လုပ်နိုင်ခဲ့သည့် အဆိုပါ စက်ရုံတွင် လုပ်ငန်းလည်ပတ်မှုများ ပြန်လည်စတင်နေပြီ ဖြစ်ကြောင်း Musk ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ အရေအတွက်သည် Tesla ၏ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု၏ သုံးပုံတစ်ပုံဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလတွင် Tesla အနေနှင့် ၎င်း၏အကြီးစား “Megapack” ဘက်ထရီများထုတ်လုပ်ရန်အတွက် တရုတ်နိုင်ငံတွင် စက်ရုံအသစ်တစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် Tesla ၏ Model Y  လျှပ်စစ်ကား အများစုအတွက် အကြီးဆုံးစျေးကွက်ဖြစ်လာကြောင်း စျေးကွက်သုတေသနလုပ်ငန်း JATO မှ ပြောကြားခဲ့သည်။

ယခုနှစ် ပထမသုံးလအတွင်း Tesla သည် တရုတ်နိုင်ငံတွင်း Model Y ကားအစီးရေ ၉၄,၀၀၀ ကျော် ရောင်းချခဲ့ပြီး အဆိုပါ ရောင်းအားသည် အမေရိကနှင့် ဥရောပ စျေးကွက်များကို ကျော်တက်ခဲ့ကြောင်း JATO ၏ အချက်အလက်များအရ သိရသည်။

မကြာသေးမီနှစ်များအတွင်း Tesla သည် လျှပ်စစ်ကားစျေးကွက်တွင် ဦးဆောင်နေသည့် Ford နှင့် General Motors ကဲ့သို့ ကားထုတ်လုပ်သည့် ကုမ္ပဏီကြီးများ အပြင် တရုတ် အခြေစိုက် BYD နှင့် Nio ကဲ့သို့သော စျေးကွက်သို့ အသစ်ဝင်ရောက်လာသူများ စသဖြင့် ပြိုင်ဆိုင်မှုများ တိုးလာခြင်းကြောင့် စိန်ခေါ်မှုများ ဆက်တိုက် ရင်ဆိုင်ခဲ့ရသည်။

ယမန်နှစ် က လူမှုကွန်ရက် Twitter ကို အမေရိကန် ဒေါ်လာ ၄၄ ဘီလျံ  ဖြင့်ဝယ်ယူခဲ့သော Musk အနေနှင့် အဆိုပါ ကုမ္ပဏီကို ကွပ်ကဲရန် အခြားသူ တစ်ဦး ကို ရှာဖွေပြီး ၎င်းကိုမူ Tesla နှင့် ဒုံးပျံကုမ္ပဏီ SpaceX အပါအဝင် ၎င်း၏အခြားစီးပွားရေးလုပ်ငန်းများကို အာရုံစိုက်ရန် ဖိအားပေးခံနေရသည်။

ထို့ကြောင့် ယခုလ အစောပိုင်းတွင် NBCUniversal ၏ ကြော်ငြာကဏ္ဍ အကြီးအကဲဖြစ်သူ Linda Yaccarino ကို Twitter ၏အမှုဆောင်အရာရှိချုပ်အသစ်အဖြစ် ခန့်အပ်ခဲ့သည်။

Yaccarino အနေနှင့် ယင်း လူမှုကွန်ရက်ပေါ် သတင်းမှားများနှင့် အမုန်းစကားများကို ကိုင်တွယ်ပုံနှင့် ပတ်သက်၍ အပြင်းအထန် စိစစ်နေရမည့် တစ်ချိန်တည်းမှာပင် အမြတ်အစွန်းရရှိရန် ရုန်းကန်နေရသော စီးပွားရေးလုပ်ငန်းကို လည်ပတ်ရန် စိန်ခေါ်မှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

ယခုအခါ Twitter သည် Musk ပေးချေခဲ့သည့် တန်ကြေး ၏ သုံးပုံတစ်ပုံမျှသာ တန်ဖိုးရှိကြောင်း၊ အဆိုပါ ကုမ္ပဏီကို လွှဲပြောင်းရယူရန် ငွေကြေးပံ့ပိုးပေးသည့် ဘဏ္ဍာရေးဝန်ဆောင်မှုကုမ္ပဏီ Fidelity Investments ၏အဆိုအရ သိရသည်။

ဘာသာပြန် – ဒါလီ

Elon Musk: Tesla boss on first China trip in over three years by Annabelle Liang, BBC ကို ဘာသာပြန်ဆိုရေးသားသည်။