ထားဝယ်မြို့အနီးတွင် မနေ့ညက လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ

0
470

ထားဝယ်မြို့ ကမြောကင်းလမ်းနှင့် ကမြောကင်းတံတားအနီးတွင် မနေ့ည (မေ ၃၁)က လက်နက်ကြီး ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့သည်ဟု ထားဝယ်မြို့ခံများထံမှသိရသည်။

မေလ ၃၁ ရက် ည ၁၀ နာရီ ခွဲကျော်ခန့်စပြီး ပစ်ခတ်ပေါက်ကွဲသံ များထွက်ပေါ် လာသည်ဟု ထားဝယ်မြို့ခံတစ်ဦးကပြောသည်။

“အိမ်ပါတုန်သွားတယ် လက်နက်ကြီးက ဆယ်ချက်ထက်မနည်းဘူး။ ကမြောကင်း တံတားဘက်ကရော မြို့ထဲကရောပဲ”ဟု ၎င်းဒေသခံကပြောသည်။

အဆိုပါလက်နက်ကြီးကို မြို့ထဲကင်းလှည့်နေသည့် စစ်ကောင်စီတပ် နှင့် ကမြောကင်းတံတား ဂိတ်ဘက်က ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

အထက်ပါပြောဆိုချက်အပေါ်  Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါလက်နက်ကြီးကျဉ်ဆန်အချို့မှာ ထားဝယ်မြစ်ကမ်းဘေးရှိ လောင်းလုံးဘက်ခြမ်းမှ ကျေးရွာအချို့ကိုလည်းကျရောက်ခဲ့ ကြောင်း  ထားဝယ်မြစ်၏ တစ်ဖက်ကမ်းမှ ဒေသခံများကပြောကြသည်။

“ပေါက်ကွဲသံကတော်တော်ပြင်းတယ်။ ကလေးတွေတောင်လန့်တယ်။ မနည်း ချော့ယူထားရတယ်။ ပေါက်ကွဲသံထွက်ပြီးတာနဲ့ အိမ်ခေါင်မိုးပေါ် ခဲလုံး ကျဲချလိုက်သလို ကျလာတယ်”ဟု အထက်ပါဒေသခံကပြောသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ညကလည်း ထားဝယ်မြို့ထဲတွင် လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံများထွက်ပေါ်ခဲ့သေးသည်။

ယင်းနေ့ညက ခွေးစာကြွေးရန်သွားသည့် ထားဝယ်မြို့ခံ နှစ်ဦးမှာလည်း ဘုမ္မော်ရပ်ကွက်၊စောမိညိုလမ်းဆုံတွင် ကင်းပုန်းဝတ်နေသည့် စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ရသည်။

ထားဝယ်မြို့နှင့် အနီးတစ်ဝိုက်တွင် မေလ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ နှစ်ရက်ဆက်တိုက် ပစ်ခတ်ပေါက်ကွဲသံများ ထွက်ပေါ်နေသည့်အတွက်ကြောင့် မြို့ခံအချို့မှာလည်း စိုးရိမ်ထိတ်လန့်နေကြရကြောင်း ပြောဆိုကြသည်။