ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သ‌ဖြင့် အမျိုးသားတစ်ဦးသေဆုံး

0
414

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ ဇွန်လ ၁ ရက် နေ့လယ်ပိုင်းတွင် ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင်စေတီ တောင်တက်လမ်း အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“အရက်ကြောင်ပြီး (ကလိန်အောင်) တံတားဂိတ်ကို ဆိုင်ကယ်ဖြတ်သွားတုန်း အော်ဆဲလို့ ဂိတ်က ပစ်တာမထိဘူး။ ပြီးတာနဲ့ ဆိုင်ကယ်ကို ဘုရားတောင်ပေါ် မောင်းသွားတယ်။ စစ်တပ်ကလည်း လိုက်သွားတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။

တောင်ပေါ်က ဆင်းလာချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆက်လက်ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။

သေဆုံးသူမှာ ကိုနိုင်ဦးဆိုသူဖြစ်ပြီး မွန်ပြည်နယ် ရေးမြို့နယ်မှဖြစ်ကာ ကလိန်အောင်ဆံတော်ရှင်ဘုရား တောင်ခြေရှိ အင်းပြားရွာတွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

၎င်းသည် အရက်‌သောက်ပြီးပါက စိတ်ပုံမှန်မရှိသူ (အရက်ကြောင်နေသူ) ဖြစ်သည်ဟု ဆိုသည်။

ပစ်ခံရသူ၏ အခြေအနေနှင့်ပတ်သက်ပြီး ကလိန်အောင်မြို့ခံ အရေးပေါ်လူမှုကူညီရေးအသင်းတစ်ခုကို ဆက်သွယ်မေးမြန်းရာတွင် ပစ်ခံရသူမှာ သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြောကြားသည်။

ကလိန်အောင်တံတား စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသည့် ဆိုင်ကယ်၊ ဘေးတွဲ နှင့် သုံးဘီးယာဉ်များ အားလုံး မောင်းနှင်ဖြတ်သန်းခွင့်မရှိဘဲ တွန်းပြီးသွားကြရသည်။

ခရီသည်တင်ကားဆိုပါက ခရီးသည်များအားလုံး ကားပေါ်မှဆင်းပြီး ခြေလျင်လမ်းလျှောက်ရပြီး မှတ်ပုံတင်ပြသစစ်ဆေးခံရလေ့ရှိသည်။