တာဝါတိုင်မိုးကြိုးပစ်ခံရသဖြင့် ခမောင်းသွယ်တိုက်နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းပြတ်တောက်

0
1411

ထားဝယ်မြို့နယ် ခမောင်းသွယ်တိုက်နယ်အတွင်းရှိ ကျေးရွာ ခုနစ်ရွာခန့်တွင် ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသည်မှာ နှစ်ပတ်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပြီးခဲ့သည့် နှစ်ပတ်ခန့်က ခမောင်းသွယ်တိုက်နယ်ထဲရှိ ညောင်းတုန်းရွာတွင် စိုက်ထူးထားသော အက်တမ် (ယခင်တယ်လီနော) ဆက်သွယ်ရေးတာဝါတိုင် မိုးကြိုးပစ်ခတ်ခံရပြီးကတည်းက လိုင်းကျနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ခမောင်းသွယ်တိုက်နယ်မှာ ထားဝယ် – မေတ္တာလမ်းပိုင်းတွင်ရှိပြီး ယင်းလမ်းပိုင်းတွင် မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ ရှိသည်။

ခမောင်းသွယ်တိုက်နယ်တွင် အက်တမ်ဖုန်းလိုင်းတစ်လိုင်းတည်းသာ အသုံးပြုရ၍ပြီး ကျန်ဖုန်းလိုင်းများ မရှိကြောင်း ဒေသခံအချို့က ပြောဆိုသည်။

မိုးကြိုးပစ်ခံရပြီး အသုံးပြုမရဖြစ်နေသည့် ဆက်သွယ်ရေးတာဝါတိုင်အား ကုမ္ပဏီဘက်က လာရောက်ပြင်ဆင်ပေးခြင်း မရှိသေးကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းအတွက်ကြောင့် တိုက်နယ်အတွင်း အရေးပေါ်ကိစ္စများတွင် ဖုန်းဆက်သွယ်ရေးအခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း ပြောဆိုကြသည်။

ဒေသခံအချို့မှာ ဖုန်းလိုင်းမိသည့် တောင်ကုန်းအမြင့်များပေါ်သို့ သွားရောက်ပြီး ဖုန်းပြောခြင်း၊ အင်တာနက်အသုံးပြုခြင်းတို့ လုပ်ဆောင်နေကြရသည်ဟုလည်း ဆိုသည်။