မင်းထိန်ရွာသား လူငယ်နှစ်ဦးကို ဖမ်းဆီးခံရ

0
512

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာက လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများ ပြောသည်။

မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က မင်းထိန်ရွာအတွင်းသို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး
ရွာသူ၊ ရွာသား ၇၀ ဝန်းကျင်ကို ဘုန်းတော်ကြီးကျောင်းတွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းနောက် အမျိုးသား ငါးဦးကို ပုလောမြို့ပေါ်ရှိ စစ်ကောင်စီတပ် ၂၈၅ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုသည်။

သုံးဦးကို နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီး အသက် ၂၀ ကျော်အရွယ် လူငယ်နှစ်ဦးကိုမူ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“နှစ်ယောက်စလုံးက အေးအေးဆေးဆေး နေတတ်သူတွေပါ။ တစ်ယောက်က ရော်ဘာချက်တယ်။ နောက်တစ်ယောက်က ဥယျာဉ်ခြံအလုပ်လုပ်တယ်။ ဘာကြောင့် ဖမ်းထားလည်းဆိုတာတော့ မသိရသေးဘူး” ဟု မင်းထိန်ရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မင်းထိန်ရွာသို့ စစ်ကောင်စီတပ်များ မကြာခဏလာရောက်လေ့ရှိပြီး ယခင်ကလည်း ရွာသားအချို့ကို ဖမ်းဆီးခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

“ရွာမှာ လူငယ်အများစုက မနေရဲကြတော့လို့ တခြားနေရာသွားသူကသွား၊ သွားဖို့နေရာမရှိတဲ့သူက စစ်တပ်လာပြီလို့ သတင်းကြားရင် ပြေးပုန်းသူပုန်းနဲ့ အလုပ်အကိုင်လည်း ကောင်းကောင်း မလုပ်ကြရဘူး” ဟု ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။

မင်းထိန်ကျေးရွာသည် ပုလောမြို့အနီး ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိပြီး တိုက်ပွဲများဖြစ်လေ့ မရှိသည့်အတွက် ရွာသားများမှာ ပုံမှန်နေထိုင်နေကြသေးသည့် ရွာတစ်ရွာဖြစ်သည်။

သို့သော် မင်းထိန်ရွာအနီးရှိ သင်္ကန်းတော၊ ကဒဲ၊ ပဝတ်ကုန်း၊ ပဝတ်ဖျား၊ မကျည်းကုန်း စသည့်ကျေးရွာများတွင်မူ
နှစ်ဖက်တိုက်ပွဲများကြောင့် လူနေထိုင်ခြင်းမရှိတော့သည်မှာ ကြာပြီဖြစ်သည်။

စစ်ကောင်စီက ပုလောနှင့် တနင်္သာရီမြို့နယ်တို့အား ဖေဖော်ဝါရီလ ၂ ရက်က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသလို အရပ်သားဖမ်းဆီးမှုများလည်း ဆက်တိုက်လုပ်ဆောင်ခဲ့သည်။