ထားဝယ်အမြောက်တပ် ဗိုလ်ကြီးတစ်ဦး တပ်ဂိတ်အနီးတွင်ပင် ပစ်သတ်ခံရ

0
3514

ထားဝယ်မြို့နယ် ဇဟာကျေးရွာအနီးရှိ စစ်ကောင်စီအမြောက်တပ်က ဗိုလ်ကြီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အမှတ် (၃၀၂) အမြောက်တပ်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးသည် ယနေ့ မေလ ၇ ရက် မွန်းလွဲပိုင်းက တပ်ရင်းဂိတ်စခန်းအနီးတွင်ပင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“ပွဲချင်းပြီး သေသွားတယ်လို့ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မည်သည့်အဖွဲ့က ပစ်ခတ်သွားသည်ကိုမူ မသိရသေးပေ။

ဇဟာကျေးရွာရှိ အဆိုပါအမြောက်တပ်သည် ထားဝယ်မြို့လယ်မှ ၆ မိုင်ခန့်သာ ကွာဝေးသည်။

ပြီးခဲ့သည့်လကလည်း အဆိုပါရွာအနီးရှိ စစ်ကောင်စီတပ်ဘုရားမဲစစ်ဆေးရေးဂိတ် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ဆယ်ဂဏန်းအထိ သေဆုံးခဲ့သည်။