CI စာအုပ်ပြုလုပ်ခွင့်ပေး၊ မဟာချိုင်တွင် မြန်မာလုပ်သားထောင်ချီတန်းစီစောင့်ဆိုင်း

0
2435

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ် ပြုလုပ်မှုကို ရှစ်ရက်ကြာ ပိတ်ထားခဲ့ပြီးနောက် မေလ ၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားများထံမှ သိရသည်။

ထိုင်းအစိုးရက မေလ ၁၃ ရက်နေ့ နောက်ဆုံးထားလုပ်ရန် ညွှန်ကြားထားသည့် CI စာအုပ်ကို အလုပ်သမားများ၏ လိုအပ်ချက်အရ ပြန်လည်ပြုလုပ်ခွင့်ပြုပေးခဲ့ပြီး ကြားရက်ဖြစ်သော တနင်္ဂနွေနေ့တွင်လည်း ဖွင့်လှစ်ထားခဲ့ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးထံမှသိရသည်။

“အစည်းအဝေးအရ ၅ ရက်နေ့က ပြန်ဖွင့်ပေးလိုက်တာ။ အလုပ်သမားတွေရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီးတော့ ထပ်တိုးဖွင့်လှစ်ပေးလိုက်တာပါ” ဟု မြန်မာအလုပ်သမားသံအရာရှိက ပြောသည်။

နောက်ပိုင်းတွင် အလုပ်သမားများ၏ လိုအပ်ချက်ပေါ်မူတည်၍ သတ်မှတ်ရက်ကို ထပ်တိုးသွားဖို့လည်း ညှိနှိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် CI စာအုပ် ပြုလုပ်ရန် စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ CI ထုတ်ပေးရေးစင်တာ mobile team တွင် မြန်မာအလုပ်သမား ထောင်နှင့်ချီတန်းစီစောင့်ဆိုင်းနေကြကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

CI စာအုပ်ကို မြန်မာသံရုံးက ထုတ်ပေးနေခြင်းဖြစ်ပြီး မေလ ၁၃ ရက်နေ့ နောက်ဆုံးထားလုပ်ကိုင်ရမည်ဖြစ်သည်။

CI စာအုပ်ပြုလုပ်ရန်အတွက် ရက်ချိန်းတိုကင်ယူရန် 7-Eleven တွင် ငွေသွင်းခွင့်ကို ဧပြီလ ၂၇ ရက်နေ့တွင် ပိတ်သိမ်းခဲ့ပြီးနောက် မေလ ၅ ရက်နေ့ ညနေပိုင်းတွင် ပြန်ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။

“သောကြာနေ့ ညနေလောက်မှာ ငွေပြန်သွင်းလို့ရပြီလို့ကြားတော့ အပြေးသွားသွင်းရတယ်။ အခု တနင်္ဂနွေနေ့မှာ မဟာချိုင်က mobile team မှာ ဖွင့်ပေးလို့ လာလုပ်တာ။ ကျွန်မအရှေ့မှာ တိုကင် ၅၀၀ ကျော်နေပီ။ ကျွန်မက တိုကင်ရဖို့ တန်းစီနေတုန်း” ဟု မဟာချိုင်တွင် CI စာအုပ်လာရောက်လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

CI စာအုပ်ကို 7-Eleven က ရက်ချိန်းထုတ်ပေးထားသော ရက်နှင့် နေရာအတိုင်း မြန်မာအလုပ်သမားများသည် အချိန်မီပြီးစီးအောင်လုပ်ကြရပြီး ကုန်ကျငွေ ဘတ် ၅၀၀၀ မှ ၁၀၀၀၀ ကြားရှိကြောင်း အလုပ်သမားများထံမှ သိရသည်။

“သူတို့သတ်မှတ်ထားတဲ့ရက်မှာ ပြီးအောင်လုပ်ဖို့က အဓိကပဲ။ စာအုပ်လုပ်ဖို့ ဗီဇာလုပ်ဖို့ ၁၃၀၀၀ ပွဲစားကိုပေးပြီးပြီ။ (မြန်မာနိုင်ငံမှာ) အိမ်မှာ ကျန်ခဲ့တဲ့ ကလေးစရိတ်ကို တစ်လ တစ်သိန်းတောင် ပုံမှန်မထောက်ပံ့နိုင်သေးဘူး” ဟု မဟာချိုင်က စက်ရုံအလုပ်သမားတစ်ဦးက ဆိုသည်။

CI စာအုပ်ပြုလုပ်ရန်အတွက် နံပါတ်စဉ်တိုကင် စတင်ယူရပြီး နာမည်အချက်အလက် ဖောင်ဖြည့်သွင်းရပြီး ယင်းနောက် လူတွေ့စစ်ဆေးမှုကို ခံယူရသည်။

ပြီးလျှင် လက်ဗွေနှိပ်ခြင်း၊ မျက်လုံး scan ဖတ်ခြင်း စသော ဇီဝလက္ခဏာများ မှတ်တမ်းတင်ခံရပြီးနောက် CI စာအုပ်နှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား OWIC ကို ထုတ်ယူရမည်ဖြစ်သည်။

CI စာအုပ်သည် နိုင်ငံကူးလက်မှတ် ပတ်ပို့စ်စာအုပ် မရှိသေးသော ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ယာယီထုတ်ပေးထားသော သက်သေခံစာအုပ်ဖြစ်သည်။

ယင်းစာအုပ်ကို ထိုင်းနိုင်ငံတွင်း တရားဝင်သွားလာခွင့်ရရန်နှင့် အခြေခံအလုပ်သမားဗီဇာ သက်တမ်းတိုးရန်အတွက် မြန်မာအလုပ်သမားများသည် CI စာအုပ်ကိုသတ်မှတ်ထားသော ရက်အတွင်း ပြီးစီးအောင်လုပ်ရမည်ဖြစ်သည်။