ဘုတ်ပြင်းတွင် လုပ်ငန်းရှင်တစ်ဦး၏ နေအိမ်နှင့် စက်သုံးဆီဆိုင်ချိပ်ပိတ်ခံရ

0
2749

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်က လုပ်ငန်းရှင်တစ်ဦး၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဘုတ်ပြင်းမြို့အနီး ကမာချောင်းကျေးရွာတွင်နေထိုင်သည့် ဦးဇော်ဦး (ခေါ်) ဦးအောင်ဇော်ဦး၏ နေအိမ်နှင့် အာရုံဦး စက်သုံးဆီဆိုင်တို့ကို ရဲနှင့် စစ်ကောင်စီတပ်သားများက မေလ ၅ ရက်တွင် လာရောက်ချိပ်ပိတ်သွားကြောင်း ဒေသခံများက ပြောသည်။

၎င်း၏ ဆီဆိုင်မှာ ဘုတ်ပြင်းမြို့အထွက်တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဦးအောင်ဇော်ဦး အပါအဝင် မိတ်ဆွေသုံးဦးကို ပြည်သူ့ကာကွယ်ရေးတပ်အား ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးသွားခဲ့သည်။

ယင်းနောက် တစ်ပတ်အကြာတွင် အတူအဖမ်းခံရသူများမှာ ခံဝန်ဖြင့် ပြန်လွတ်လာခဲ့သော်လည်း ၎င်းကိုမူ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ဘုတ်ပြင်းရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဒေသခံများက ပြောသည်။

“ပြည်သူ့ကာကွယ်ရေးတပ်ကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းထားတာ။ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က လည်း သူတို့ကို ထောက်ပံ့ပေးတာမရှိဘူးလို့ ပြောနေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ချိပ်ပိတ်ခံရသည့် နေအိမ်နှင့်စက်သုံးဆီဆိုင်သည် ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိမည်ဟုခန့်မှန်းပြောဆိုနေကြပြီး လက်ရှိတွင် ၎င်း၏မိသားစုသည်လည်း နေအိမ်မှပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဘုတ်ပြင်းမြို့နယ်တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အဖမ်းအဆီးများရှိခဲ့သော်လည်း ယခုကဲ့သို့ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခြင်း ယခင်က မရှိခဲ့ဖူးကြောင်း ဒေသခံများက ဆိုသည်။