မြိတ်-ဘုတ်ပြင်းနှင့် မောတောင်လမ်း နေ့အချိန် သွားလာခွင့်ပြု

0
2051

မြိတ်-ဘုတ်ပြင်းနှင့် မောတောင်လမ်းကို ယနေ့ ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ နေ့အချိန်သွားလာခွင့်ပြုကြောင်း  တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။

မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းလမ်းနှင့် ထုံခါ-မောတောင်လမ်းကို နံနက် ၅ နာရီမှ ည ၇ နာရီအထိ နေ့ပိုင်း ပြန်လည်သွားလာခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သွားလာရာ၌ စစ်ကောင်စီယာဥ်တန်းများ၊ တပ်ရင်းတပ်ဖွဲ့ ဂိတ်စခန်းများနှင့် နီးကပ်စွါ သွားလာခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်သား၊ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းများနှင့်ကုန်ပစ္စည်းများကို လုံးဝတင်ဆောင်ခြင်း မပြုရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် လုံခြုံရေးလိုအပ်ချက်အရ တော်လှန်ရေးအင်အားစုများ၏ စစ်ဆေးခြင်းကိုလည်း ကြည်ဖြူစွါလိုက်နာကြရန်လည်း တိုက်တွန်းထားသည်။

တနင်္သာရီမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် ထုံခါ-မောတောင် ကုန်သွယ်ရေးလမ်းကို မတ်လ ၂၉ ရက်နေ့ကစတင် ပိတ်ခဲ့ပြီး  မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းကိုလည်း ဧပြီလ ၃ ရက်နေ့တွင် စတင် ပိတ်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များက ကြေညာခဲ့သည်။

တစ်လအကြာ လမ်းများပိတ်လိုက်ခြင်းကြောင့် မောတောင်မြို့နှင့် ဘုတ်ပြင်းမြို့နယ်များတွင် စက်သုံးဆီနှင့် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ပြတ်လပ်ခဲ့ပြီး တစ်ဖက်နိုင်ငံမှောင်ခိုလမ်းကြောင်းမှ ဈေးကြီးပေးကာ ဝယ်ယူစားသုံးခဲ့ရသည်ဟု မောတောင်ဒေသခံများ ကပြောသည်။

“ပြန်ဖွင့်ပြီဆိုတော့ ပိတ်မိနေတဲ့ ဒေသခံတွေအတွက်ရော ကုန်သွယ်ရေးလုပ်တဲ့သူတွေ အတွက်ရော အားလုံးအတွက်ကောင်းတာပေါ့။ သွားတဲ့နေရာမှာ သူတို့ထုတ်ထားတဲ့အတိုင်း လိုက်နာကြဖို့တော့ လိုတာပေါ့နော်”ဟု မြိတ်-မောတောင် ကုန်တင်ယာဥ်မောင်း ကပြောသည်။

မြိတ်-မောတောင်လမ်းနှင့် တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းတွင် ဧပြီ ၂၆ ရက်မှ ၂၈ ရက်အထိ တိုက်ပွဲများ ဖြစ်ပွါးခဲ့သေးသည်။