မြန်မာလုပ်သားနှစ်ဦး ညပိုင်းဆိုင်ကယ်စတန့်ပြမောင်းရာမှ ရုန်းရင်းဆန်ခတ်ဖြစ်၊ ထိုင်းလူမျိုးက သေနတ်ပစ်ဖောက်

0
2071

ထိုင်းတောင်ပိုင်းတွင် ချွန်ဖော်ခရိုင် ဟတ်ပကလိုင်ဒေသရှိ ထိုင်းလူမျိုးများနေအိမ်ရှေ့တွင် မြန်မာအလုပ်သမားနှစ်ဦး ညပိုင်း ဆိုင်ကယ်စတန့်ပြမောင်းနှင်နေရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ကြောင်း ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြသည်။

ဧပြီလ ၂၅ ရက်နေ့ ညပိုင်းက ဆိုင်ကယ်ဘီးထောင်စတန့်ပြကာ အကြိမ်ပေါင်းများစွာ မောင်းနှင်နေခဲ့ပြီး ဆိုင်ကယ်သံ ဆူညံသဖြင့် ထိုင်းလူမျိုးတစ်ဦးက ၎င်း၏ အိမ်ရှေ့တွင် ဆူဆူညံညံ မမောင်းနှင်ကြရန် တားမြစ်ခဲ့ကြောင်း ရေးသားထားသည်။

ယင်းသို့ တားမြစ်နေချိန် အဆိုပါထိုင်းလူမျိုး၏ သားဖြစ်သူကပါ တုတ်ကိုင်ဆောင်ကာ ထွက်လာခဲ့ပြီး စကားအချေအတင် ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။

ယင်းနောက် မြန်မာအလုပ်သမားနှစ်ဦး ပြန်ထွက်ပြီး ၁၀ မိနစ်ခန့်အကြာတွင် တုတ်၊ ဓားများကိုင်ဆောင်လာသည့် လူ ၂၀ ခန့် ခေါ်ဆောင်ကာ ယင်းအိမ်ရှေ့သို့ ပြန်ရောက်လာကြောင်း သတင်းတွင်ဖော်ပြသည်။

လူစုလူဝေးဖြင့် ရောက်ရှိလာချိန် ထိုင်းလူမျိုးအိမ်ရှင်ဖြစ်သူသည် နေအိမ်ထဲပြန်ဝင်ကာ သေနတ်ယူဆောင်ပြီး မိုးပေါ်ထောင်ကာ ပစ်ဖောက်ခဲ့ကြောင်း ရေးသားထားသည်။

သို့သော်လည်း လူစုမကွဲဘဲ အိမ်ရှင်ကို အော်ဟစ်ဆဲဆိုနေသဖြင့် မိသားစုဝင်တစ်ဦးက ဗီဒီယိုမှတ်တမ်းရိုက်ကူးထားပြီး ရဲစခန်းသို့ ပေးပို့တိုင်ကြားမည်ဟု ပြောဆိုချိန်တွင် ပြန်ထွက်သွားကြသည်ဟု ဆိုသည်။

အိမ်ရှင်တို့က ရဲစခန်းတွင် တိုင်တန်းသဖြင့် ရဲတပ်ဖွဲ့က နောက်တစ်ရက် ဧပြီလ ၂၆ ရက်တွင် အခင်းဖြစ်နေရာသို့ လာရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများမှာ တရားဝင်အလုပ်သမားများဖြစ်သဖြင့် အလုပ်ရှင်ကိုခေါ်ဆောင်ကာ အိမ်ရှင်မိသားစုနှင့် ရဲတပ်ဖွဲ့က တွေ့ဆုံညှိနှိုင်းပေးခဲ့ကြောင်း ဖော်ပြသည်။

နောက်ထပ်မံပြုလုပ်လျှင် အရေးယူမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားများကို ရဲတပ်ဖွဲ့က သတိပေးခဲ့သည်ဟုလည်း ဆိုသည်။

မြန်မာအလုပ်သမားများက ၎င်းတို့ယခင်က ဆိုင်ကယ်စီးစဉ်တွင် မျက်နှာကို ဓါတ်မီးဖြင့်ထိုးခြင်း၊ ခဲဖြင့်ပစ်ပေါက်ခြင်း များကြောင့် ဆိုင်ကယ်မှောက်ဖူးခဲ့သည်ကို မကျေနပ်သဖြင့် ထပ်မံပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း သတင်းတွင် ဖော်ပြသည်။  

Ref: MGR Online, Siamrath