ဂျပန်နိုင်ငံအနေဖြင့် စစ်ကောင်စီကို ပိတ်ဆို့အရေးယူသင့်ဟု ကုလကျွမ်းကျင်သူ တိုက်တွန်း

0
1956

ယူကရိန်းကျူးကျော်မှုနှင့် ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် ပိတ်ပင်ခဲ့သလို ဂျပန်နိုင်ငံအနေနှင့် မြန်မာစစ်အစိုးရ ကို ပိတ်ဆို့အရေးယူသင့်ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးက ဧပြီလ ၂၇ရက်နေ့တွင် ပြောကြားခဲ့ ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးစ်ကလည်း မြန်မာစစ်တပ်အတွက် လေ့ကျင့်ရေး အစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းရန် ဂျပန်အစိုးရကို တိုက်တွန်းခဲ့သည်။

ထို့ပြင် ဤသို့ အပြုအမူသည် မြန်မာနိုင်ငံ၏ ပကတိ စစ်တပ်၏ ပုံရိပ် ကို ပိုမို ညှိုးနွမ်းစေသလို ဖြစ်လာနိုင်ကြောင်း အင်ဒရူးစ် က သတိပေးပြောကြားခဲ့သည်။

“မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေက ကြောက်စရာကောင်းပြီး ပိုဆိုးလာတယ်” ဟု အင်ဒရူးစ်က ဂျပန်အရာရှိများနှင့် စီးပွားရေးလုပ်ငန်းများကို တွေ့ဆုံရန် တိုကျိုမြို့သို့ လာရောက်ခဲ့သည့် ခရီးစဉ်အပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။

“ယူကရိန်းအကျပ်အတည်းကို တုံ့ပြန်တဲ့အနေနဲ့ (ရုရှားကို ပိတ်ဆို့ဖို့ရာ) G-7 နိုင်ငံတွေဘက်က တက်ညီလက်ညီ ပါဝင်ခဲ့ကြသလို မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားတဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ရာမှာ ကျန်အဖွဲ့ဝင်နိုင်ငံတွေ နည်းတူ ပူးပေါင်းပါဝင်ပေးဖို့ ဂျပန်ကို တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ပြောသည်။ .

မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများသည် “ပြည်သူများကို တိုက်ခိုက်ရန် ၎င်း၏စွမ်းဆောင်ရည်ကို အားနည်းစေလိမ့်မည်” ဟု ထပ်လောင်းပြောကြားခဲ့ကာ အင်ဒရူးစ်သည် စစ်တပ်၏ လက်ရှိအပြုအမူအား “ရိုင်းစိုင်းမှုနှင့် ဖိနှိပ်မှု” ဟုသုံးနှုန်းပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင်း အာဏာသိမ်းပြီးနောက် ဂျပန်နိုင်ငံသည် အကူအညီပေးရေး စီမံချက်အသစ်များကို ရပ်ဆိုင်းထားသော်လည်း ဤဆုံးဖြတ်ချက်သည် လုပ်ဆောင်နေဆဲ စီမံချက်များအပေါ်မူ သက်ရောက်မှုမရှိပေ။

စစ်ကောင်စီတပ်သားများကို လေ့ကျင့်ပေးမည့် အစီအစဉ်တွင် တပ်သားသစ်များ လက်ခံမည် မဟုတ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ထုတ်ပြန်ခဲ့သည်။

သို့သော် အင်ဒရူးစ်သည် စစ်ရေး လေ့ကျင့်မှုအပြီးသတ်ရန် မြန်မာစစ်သားများအား ပါဝင်ခွင့်ပြုထားနှင့်ပြီး ဖြစ်သော အဆိုပါ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့သည်။

“သူတို့ (စစ်ကောင်စီတပ်သားတွေ)ဟာ တိုက်ခိုက်ရေးသင်တန်းတွေ ခံယူနေပြီး ထိရောက်စွာ စစ်ဆင်နိုင်တဲ့ တပ်သားတွေ ၊ တပ်မှုးတွေ ဖြစ်အောင် လေ့ကျင့်နေကြတာပါ” ဟု ၎င်းက ပြောသည်။

“(ဂျပန်) ကာကွယ်ရေးဝန်ကြီးဌာနက မြန်မာစစ်သားတွေကို ဆက်လက်လေ့ကျင့်ပေးနေသရွေ့ ဂျပန်ရဲ့ ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ (မြန်မာ) စစ်အစိုးရနဲ့ ဆက်နွယ်နေဦးမှာပါပဲ။”

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကာလရှည်ကြာ သံတမန်ရေးရာ ဆက်ဆံရေးရှိပြီး အကူအညီများကို အဓိက ပံ့ပိုးပေးသည့်အပြင် အာဏာသိမ်းမှု မတိုင်မီက နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရင်းအမြစ်တစ်ခု လည်း ဖြစ်ခဲ့သည်။

အဖျော်ယာမကာ ကုမ္ပဏီကြီးတစ်ခု ဖြစ်သည့် ကီရင် (Kirin) အပါအဝင် ဂျပန်အခြေစိုက် စီးပွားရေးလုပ်ငန်းအချို့သည် အာဏာသိမ်းကာလတွင်း မြန်မာနိုင်ငံမှ ထွက်ခွာသွားသော်လည်း စစ်အစိုးရကို ဝန်ဆောင်မှုပေးသည့် လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်နေသည့် အခြားသောလုပ်ငန်းများလည်း ရှိသလို ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ခွင့်များကို စစ်အစိုးရနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီများသို့ လည်ပတ်ရောင်းချမှုမျိုးကိုလည်း တွေ့ရကြောင်း အင်ဒရူးစ်က ပြောကြားခဲ့သည်။

Reference ● AFP ● The Straits Times