လောင်းလုံးမြို့ (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ တူတော်စပ်သူ ပစ်သတ်ခံရ

0
2122

လောင်းလုံးမြို့နယ် သဗျာကျေးရွာအုပ်စု၊ ပဉ္စသီမော်ရွာအနီးတွင် ယနေ့ ဧပြီ ၂၉ ရက် နေ့လယ်ပိုင်းက အမျိုးသားတစ်ဦးပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၃၄ နှစ်အရွယ်ရှိ ကိုမင်းဝါ (ခေါ်) ကို‌အောင်ဇေမင်းဆိုသူဖြစ်ပြီး လောင်းလုံးမြို့ပေါ် ရပ်ကွက်ဖြစ်သော (ဃ) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူက မင်္ဂလာဆောင်ကိုလာတယ်။ အဲဒီမှာ ပစ်သတ်ခံလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

နံကြား ဝဲယာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

အဆိုပါအမျိုးသားသည် (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၏ တူတော်စပ်သူဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ကိုအောင်ဇေမင်းသည် လောင်းလုံးမြို့မရဲစခန်းကို ဝင်ထွက်ရှိသူဖြစ်သလို ရဲတပ်ဖွဲ့ဝင်များကို ကားမောင်းပြီး ကိုယ်တိုင် လိုက်ပို့နေသည်ဟုဆိုကာ ယမန်နှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း ရပ်ကွက်အတွင်း သွားလာနေစဉ် ပစ်ခတ်ခံခဲ့ရဖူးသည်။

လက်မောင်းတွင် ဒဏ်ရာသုံးချက်ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူခဲ့ရသေးသည်။

ထိုစဉ်က ပစ်ခတ်ရှင်းလင်းမှုကို လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (LLPDF) နှင့် DDT တပ်ခွဲ (၃) တို့ပူးပေါင်း၍ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့တို့က ထုတ်ပြန်ခဲ့သည်။

ယနေ့ပစ်ခတ်မှုဖြစ်စဉ်မှာ မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကိုမူ မသိရသေးပေ။

၎င်း၏ ရုပ်အလောင်းကို အရေးပေါ်ကားဖြင့် လာရောက်သယ်ဆောင်သွားပြီးနောက် ယနေ့ မွန်းလွဲပိုင်းတွင် ၎င်း၏ နေအိမ်ကို ပြန်သယ်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကိုမင်းဝါ (ခေါ်) ကိုအောင်ဇေမင်း ပစ်ခတ်ခံရပြီးနောက် သဗျာကျေးရွာ အနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်သားများ ရောက်လာပြီး မိနစ်အနည်းငယ် သေနတ်ပစ်ခတ်သွားကြောင်း ဒေသခံများက ပြောသည်။