ဘီးလင်းမြို့နယ် ရဲစခန်းနှစ်ခု တိုက်ခိုက်ခံရ

0
2253

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းနှင့် ဝင်းကရွာ ရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က မေ ၆ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံများထံမှ သိရသည်။

ဝင်းကရွာရဲစခန်းကို မွန်းလွဲ ၂နာရီခွဲဝန်းကျင်းက ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF၊ ပအိုဝ်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PPDF-KD၊ PDF၊ TPDF၊ ကျိုက်ထို (ပကဖ) နှင့် ဘီးလင်း (ပကဖ) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဝင်းက ရဲစခန်းကို ၂၆ မိနစ်ခန့်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ထားသည်။

ရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားသည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုဘက်က ထုတ်ပြန်ထားသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ရဲစခန်းဘက်က သေဆုံးတဲ့အခြေအနေကတော့ ကျွန်တော်တို့လည်း မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းနေ့ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်ခန့်ကလည်း တောင်စွန်း နယ်မြေရဲစခန်းကို ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

တောင်စွန်းနယ်မြေရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ်တွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိမရှိကိုမူ အတိအကျ မသိရသေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရဲစခန်းတိုက်ခိုက်မှုအတွင်း စခန်းဘက်က ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးအင်အားစုများဘက်က အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။  

ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

ယင်းအပြင် စစ်ကောင်စီတပ်စခန်းများ၊ ဂိတ်များနှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ၊ အုပ်ချုပ်ရေးမှူးရုံးများ၊ ရဲစခန်းများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။