ထားဝယ်နှင့် မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၄၈ ဦးပြန်လွတ်

0
1974

စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် ထားဝယ်နှင့် မြိတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၄၈ ဦး ယနေ့ (မေ ၃)နံနက်တွင် ပြန်လွတ်လာကြောင်း ထောင်နှင့်နီးစပ်သူအချို့ထံမှ သိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၂၁၅၃ ဦးကို ခြွင်းချက်(စည်းကမ်းသတ်မှတ်ချက်)ဖြင့် လွှတ်ပေးကြောင်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။

ပုဒ်မ ၄၀၁ အရ လွှတ်ပေးခြင်းဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မံ ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျန်ရှိသော ပြစ်ဒဏ်များကို ဆက်လက်ကျခံရမည်ဆိုသော စည်းကမ်းချက်ဖြင့် လွှတ်ပေးခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုသို့ ပြန်လွှတ်ရာတွင် ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၁၂ ဦး ပြန်လွတ်လာကြောင်း အဆိုပါ နီးစပ်သူကဆိုသည်။

“ဒီမနက်ဆယ်နာရီကပဲ ပြန်လွှတ်နေတာတွေ့တယ်”ဟု ၎င်းက ပြောသည်။

ကနဦးသတင်းများအရ ထားဝယ်အကျဉ်းထောင်မှ အမျိုးသား ၂၄ ဦး ပြန်လွတ်မည်ဟု ကြားသိရသော်လည်း ၂ ဦးမှာ လွတ် ၊ မလွတ် အတည်မပြုနိုင်သေးပေ။

မြိတ်အကျဉ်းထောင်တွင်မူ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၆ ဦး ပြန်လွတ်လာကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်း အကျဉ်းထောင် သုံးခုနှင့်အလုပ်စခန်း သုံးခုရှိသည်။

ကော့သောင်းအကျဉ်းထောင်နှင့် အလုပ်စခန်းများမှ ပြန်လွတ်သူ ရှိ၊မရှိ မသိရသေးပေ။

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ချင်ကန် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်မှာပင် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားအချို့ကို ခြွင်းချက်ဖြင့် လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နှစ်ဆန်းတစ်ရက်နေ့(ဧပြီလ ၁၇ ရက်)ကလည်း အကျဉ်းသားအချို့ကို လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့သော်လည်း ရာဇဝတ်မှုဖြင့် အကျဉ်းကျခံနေရသူများသာပြန်လွတ်ပြီး နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိသည့်အတွက် ဝေဖန်မှုများရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ပြုစုထားသည့်စာရင်းများအရ အာဏာသိမ်းချိန်မှ ယခုနှစ် ဧပြီလကုန်အထိ ပြည်သူတစ်သောင်းရှစ်ထောင်ခန့် ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။