အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရေး စစ်ကောင်စီဘက်က အရင်ဆုံး စတင်သင့်‌ဟု ဘန်ကီမွန်းပြော

0
2005
Photo - Thai PBS World

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက မြန်မာနိုင်ငံ၏ အာဏာသိမ်း စစ်တပ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ အဆုံးသတ်ပေးရန် တောင်းဆိုခဲ့သည်။

ဤသို့ အဆုံးသတ်နိုင်ဖို့ရာ “မြန်မာစစ်တပ်ဘက်က အရင်ဆုံး စတင်သင့်တယ်” ဟု ဧပြီ ၂၅ရက်နေ့တွင် ၎င်းကပြောကြားခဲ့သည်။

ဘန်ကီမွန်းသည် မြန်မာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယခင်စစ်အုပ်ချုပ်ရေးမှ အသွင်ပြောင်း အရပ်ဘက်အစိုးရအဖြစ် ပြောင်းလဲဖော်ဆောင်ခဲ့သည့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို ယခု သီတင်းပတ်အတွင်း သွားရောက်တွေ့ဆုံခဲ့သည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအရပ်သားအစိုးရကို တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြုတ်ချပြီးကတည်းက စစ်ဗိုလ်ချုပ်ကြီးများမှာ အာဏာရှင်တွန်းလှန်စစ်များဖြင့် ရင်ဆိုင်နေရသည်။

“အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်နိုင်ဖို့ စစ်တပ်ကို တိုက်တွန်းဖို့နဲ့ သက်ဆိုင်သူအားလုံးအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ စတင်ဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တာပါ” ဟု ဘန်ကီမွန်းက “The Elders” အဖွဲ့၏ ကြေညာချက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။

The Elders အဖွဲ့ကို ကမ္ဘာ့ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားပြီး မွန်းသည် ယင်းအဖွဲ့၏ လက်ရှိ ဒုအကြီးအကဲ အဖြစ် တာဝန်ယူထားသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ရက်နေ့တွင်စတင်ခဲ့သော မွန်း၏ ဤသို့ အံ့အားသင့်ဖွယ်လာရောက်လည်ပတ်မှုသည် စစ်တပ်၏ ဖိတ်ကြားချက်အရဟုဆိုသည်။

တောင်ကိုးရီးယားနိုင်ငံသား ဖြစ်သည့် ဘန်ကီမွန်းက ယင်းတွေ့ဆုံမှုအတွင်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများအား အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် ၂၀၂၁ ခုနှစ်တွင် သဘောတူညီထားသည့် ငြိမ်းချမ်းရေး သဘောတူညီချက်အတိုင်း ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို မငဲ့ကွက်ပဲ ရွေးကောက်ပွဲများ ကျင်းပခြင်းသည် နောက်ထပ် အကြမ်းဖက်မှုနှင့် သဘောထားကွဲလွဲမှုများ ပိုမိုဖြစ်လာနိုင်မည့်အပြင် ဤသို့ ဆောင်ရွက်ရာမှ ရလာမည့် မဲရလဒ်များကို မြန်မာနိုင်ငံအပြင် အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပြည်သူတို့က အသိအမှတ်ပြုမည် မဟုတ်ကြောင်း မွန်းက သတိပေးခဲ့သည်။

စစ်ကောင်စီဘက်က ပါတီစုံ ရွေးကောက်ပွဲကို ကျင်းပရမည်ဟု ပြောကြားထားသော်လည်း မည်သည့်အချိန်တွင် စတင်မည်ကိုမူ မထုတ်ပြန်သေးပေ။

မြန်မာနိုင်ငံ၏ ဆယ်စုနှစ်ငါးခုကြာ စစ်အုပ်ချုပ်ရေးအပြီး ၂၀၁၁ ခုနှစ်တွင် အရပ်သားအစိုးရ အဖြစ် အကြိုအသွင်ကူးပြောင်းမှု မစတင်မီတွင် ဘန်ကီမွန်းသည် ကုလသမဂ္ဂကို ကိုယ်စားပြုကာ မြန်မာနိုင်ငံသို့ ကြိမ်ဖန်များစွာ လာရောက်ခဲ့ပြီး အငြိမ်းစား ဗိုလ်ချုပ်ကြီးမှ သမ္မတဖြစ်လာခဲ့သူ ဦးသိန်းစိန်လက်ထက် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပံ့ပိုးကူညီခဲ့သည်။

Reference ● Thai PBS World