ကံပေါက်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
2087
ပုံစာ - ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက CB ဘဏ် (ကံပေါက်ဘဏ်ခွဲ) တွင် စစ်ကောင်စီတပ်သားများ လာရောက်တပ်စွဲစဉ်။

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မဂ္ဂင်ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦး ဧပြီလ ၂၇ ရက်ညက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့ကပြောသည်။

အသက် ၅၀ ဝန်းကျင်အရွယ် ဦးမျိုးဆိုသူသည် ကံပေါက်ဆီအုန်းခြံအနီးရှိ ၎င်း၏မွေးမြူရေးခြံအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“ခြံနားနီးချင်းတစ်ယောက် မနက်ခြံသွားလို့ မြင်ပြီးလာပြောပြလို့၊ သူတို့အိမ်က သိတာကတော့ ဒီနေ့မနက် (ဧပြီ ၂၈) မှ သိကြတာ။ အလောင်းကိုက ရေတပ်က လာကောက် (ယူ) သွားတယ်” ဟု ကံပေါက်ရွာသားတစ်ဦးက ပြောဆိုသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူသည် နယ်ခံမဟုတ်ဘဲ ကံပေါက်ရွာသူနှင့် အိမ်ထောင်ပြုပြီးအခြေချနေထိုင်ကာ ဥယျာဉ်ခြံနှင့် နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

အာဏာသိမ်းပြီးနောက် ၎င်း၏ နေအိမ်အနီးရှိ CB ဘဏ် (ကံပေါက်ဘဏ်ခွဲ) တွင် စစ်ကောင်စီတပ်သားများ လာရောက်တပ်စွဲ‌ဖူးသည်။

ထိုအချိန်ကတည်းက ဦးမျိုးမှာ စစ်ကောင်စီတပ်သားများနှင့် နီးစပ်သည့် ဆက်ဆံရေးရှိခဲ့ပြီး သတင်းပေးအဖြစ် သတင်းထွက်ခဲ့ဖူးသူလည်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

၎င်းကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ မသိရသေးပေ။

ဇန်နဝါရီလ ၂၅ ရက်ကလည်း ကံပေါက်ကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရဖူးသည်။

ယင်းဖြစ်စဉ်တို့ကိုလည်း မည်သည့်အဖွဲ့က ပြုလုပ်ခဲ့ကြောင်း ယနေ့အချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးပေ။