တနင်္သာရီတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်နေ

0
2095

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ဧပြီ ၂၆ ရက်နေ့မှ ယနေ့အထိ ၃ ရက်ဆက် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများ ထံမှသိရသည်။

တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စုအတွင်း ယနေ့ နေ့လယ် ၃ နာရီကျော်ဝန်းကျင်မှစတင်ပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွါးနေသည်ဟု ဒေသခံများကပြောသည်။

“ပစ်နေတာ ၂ ချီရှိပြီ ဟိုဘက်(စစ်ကောင်စီ)က လက်နက်ကြီးနဲ့ ချည်းထုနေတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဘန်လော ၅ မိုင်၊၆ မိုင်ရွာနေ ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ ထံမှသိရသည်။

တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုကို မသိရှိရသေးသော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်သည်ဟုကြားရကြောင်း၊  သို့သော် အခြေအနေမစိုးရိမ်ရဟု သိရကြောင်း PDF တပ်နှင့်နီးစပ်သူ တစ်ဦးကပြောသည်။

မနေ့ ဧပြီလ ၂၇ ရက်ကလည်း တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာနှင့် တမုတ်ချုံရွာကြားတွင် ပြည်သူ့ကာကွယ်တပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့အကြား မိနစ်သုံးဆယ်ခန့် အနီးကပ်တိုက်ပွဲဖြစ်ပွါး ခဲ့သေးသည်ဟု ဒေသခံများ ထံမှသိရသည်။

ဧပြီ ၂၆ ရက်ကလည်း ထုံခါ-မောတောင်လမ်းပိုင်းတွင် စစ်ကောင်စီတပ် ၂ ကြိမ်ကြားဖြတ် ထိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများ ရှိခဲ့သည်ဟု တနင်္သာရီတိုင်း၊ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ပုလောနှင့်တနင်္သာရီမြို့တို့ကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင်ကာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ယင်းနောက်ပိုင်းမှစကာ ဒေသအတွင်း နေ့စဥ်တိုက်ပွဲများ ဖြစ်ပွါးလာနေသလို ပြည်သူများကို ဖမ်းဆီးစစ်ဆေးမှုများလည်း များပြားလာနေသည်။