ပုလောကုန်း စစ်ဆေးရေးဂိတ်စခန်း ဆက်တိုက်တိုက်ခိုက်ခံရ

0
2197
Photo-Palaw KPDF ပုံဟောင်း

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ပျူစောထီး အားအကောင်းဆုံးဖြစ်သည့် ပုလောကုန်းရွာက စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်စခန်း ဆက်တိုက် တိုက်ခိုက်ခံနေရကြောင်း ဒေသခံများက ပြောသည်။

ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ရှိသည့် ပုလောကုန်းစခန်းသည် ဧပြီလ ၁၄ ရက်နေ့က တစ်ရက်တည်း နှစ်ကြိမ် တိုက်ခိုက်ခံရပြီး ဧပြီ ၂၂ရက် ည ၉နာရီဝန်းကျင်ကလည်း ထပ်မံတိုက်ခိုက်ခံရကြောင်း ဒေသခံများက ဆိုသည်။

“မကြာမကြာလာလာတိုက်နေကြတယ်။ တိုက်ပွဲဖြစ်ရင် ပုလောဖက်က လက်နက်ကြီးတွေ ထုလို့ ကျွန်တော်တို့က ပြေးပြေးပုန်းရတယ်” ဟု ပုလောကုန်းကျေးရွာအနီး ဝက်တိုးရွာ ဒေသခံတစ်ဦးက ပြောသည်။

မနေ့ညကဖြစ်သည့် တိုက်ပွဲရှိရာသို့ ပုလောမြို့ ၂၈၅ တပ်ရင်းက လက်နက်ကြီး ငါးချက်ခန့် ပစ်ခတ်ခဲ့သလို ပဝတ်ကုန်းနှင့် တမိုင်တောင်ဖက်ကလည်း လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“အထိအခိုက်က မသိရသေးဘူး” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။

မနေ့ည ၇ နာရီခွဲဝန်းကျင်ကလည်း ပဝတ်ကုန်းရွာတွင် ပစ်ခတ်သံများ ကြားခဲ့ရပြီးနောက် ပုလောကုန်းကျေးရွာနှင့် တိုကျေးရွာဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု မင်းထိန်ရွာနေ ဒေသခံအမျိုးသားက ပြောသည်။

ပုလောကုန်းတပ်စခန်း မကြာခဏ တိုက်ခိုက်ခံရမှုကြောင့် ပျူစောထီးတချို့ ဒဏ်ရာရကာ ဆေးကုသမှုခံယူနေရပြီး နုတ်ထွက်သူများလည်း ရှိလာနေသည်ဟု သတင်းများထွက်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။

တိုက်ပွဲမကြာခဏဖြစ်နေသည့်အတွက် ပုလောကုန်း၊ နန်းတောင်၊ ရှမ်းဒွတ် စသည့်ကျေးရွာအုပ်စုများမှ ဒေသခံအများစုသည် ရွာတွင်မနေထိုင်ကြတော့ဘဲ အခြားနေရာဒေသများတွင် သွားရောက်နေထိုင်နေကြကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီက ပုလောနှင့် တနင်္သာရီမြို့တို့အား ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဒေသအတွင်း နေ့စဉ်နှင့်အမျှ တိုက်ပွဲများဖြစ်ပွားလာနေသည်။