ကော့သောင်းဒေသခံတစ်ဦး ထိုင်းတောင်ပိုင်းတွင် ကလေးမီးဖွားရာ ကလေးရောမိခင်ပါသေဆုံး

0
2006

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ကော့သောင်းဒေသခံ မြန်မာအလုပ်သမားတစ်ဦးသည် ဆေးရုံတွင် ကလေးမီးဖွားရာ၌ ကလေးရောမိခင်ပါ အသက်ဆုံးရှုံးသွားကြောင်း ဝပ်ဖိုဝိုင်နာရေးကူညီမှုအသင်းထံမှ သိရသည်။

သေဆုံးသွားသောမိခင်မှာ အသက် ၂၅ နှစ်အရွယ်ဖြစ်ပြီး ကော့သောင်းတွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဧပြီလ ၂၀ ရက်နေ့ ညအချိန်တွင် နယ်ဆေးရုံဖြစ်သော ဒေါင်းစပ်ဆေးရုံ၌ ကလေးမီးဖွားရာ ရေမြွှာပေါက်နေသဖြင့် ကလေးရေမွန်းနေပြီး၊ မိခင်မှာလည်း သွေးဆင်းနေသောကြောင့် စူရတ်ဆေးရုံသို့ ထပ်မံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကလေးမှာ စူရတ်ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ပြီး မိခင်ပါ သွေးလွန်သွားသဖြင့် ထပ်မံသေဆုံးသွားခဲ့ကြောင်း ဝပ်ဖိုဝိုင်နာရေးကူညီမှုအသင်းမှ အသင်းဝင်တစ်ဦးက ဆိုသည်။

“ကလေးမွေးပြီးပြီ။ မွေးပြီးတဲ့အချိန်ကျမှ သူတို့ပြောတာတော့ သွေးအရမ်းဆင်းလို့ပေါ့။ နယ်ဆေးရုံဆိုတော့ မြို့နယ်ဆေးရုံပြန်ပို့တာ။ ပို့တဲ့အချိန် လမ်းမှာလည်း အချိန်နည်းနည်းကြာသွားတော့ ခဏပဲမီလိုက်တယ်။ အဲမှာဆုံးသွားတာပေါ့” ဟု အသင်းဝင်တစ်ဦးက ဆိုသည်။

သေဆုံးသွားသော ကလေးနှင့် မိခင်တို့ကို ဒေါင်းစပ်မြို့ ဝပ်ထွန်းအောင်ဘုန်းကြီးကျောင်းသို့ နာရေးကူညီမှုအဖွဲ့မှ ညတွင်းချင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။