မီးလင်းရေးလုပ်ငန်းမှ လျှပ်စစ်မီးပုံမှန်မလာသောကြောင့် ရေကန်တောင်ရွာသားများဆန္ဒထုတ်ဖော်

0
2157

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာတွင် ကျေးလက်မီးလင်းရေးလုပ်ငန်းဖြင့် ဖြန့်ဖြူးသည့် ဆိုလာလျှပ်စစ်မီးမှာ ပုံမှန်မလာသဖြင့် ရွာသားများ ယနေ့ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်တောင်းဆိုကြကြောင်း ဒေသခံများက ပြောသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်သည့် မဟာဓာတ်အားလိုင်းပြင်ပ ကျေးရွာများ မီးလင်းရေးလုပ်ငန်းတွင် ရေကန်တောင်ရွာလည်း ပါဝင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းလုပ်ငန်းအရ ၂၀၁၉ ခုနှစ်တွင် Techno-Hill Engineering ဆိုလာလျှပ်စစ်မီးဖြန့်ဖြူးရေးကုမ္ပဏီက လုပ်ကိုင်ခွင့်ရရှိပြီး ရေကန်တောင်ရွာအား ၂၄ နာရီလျှပ်စစ်မီးဖြန့်ဖြူးရန် ရွာသားများနှင့် စာချုပ်ချုပ်ဆိုလုပ်ကိုင်ခဲ့ ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါလုပ်ငန်းကို အစိုးရ၊ ကုမ္ပဏီ၊ ကျေးရွာတို့က ထည့်ဝင်ငွေဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

သို့သော် လျှပ်စစ်မီးမှာ လက်ရှိကာလတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီနှင့် ညပိုင်းတွင် ည ၆ နာရီမှ ည ၁၀ နာရီခွဲအထိသာ ဖြန့်ဝေနေကြောင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ ပေးရာတွင်လည်း မီးမမှန်ဘဲ မကြာခဏ ပြတ်တောက်လေ့ရှိသဖြင့် တောင်းဆိုရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ဒါကသူတို့ ကန့်သတ်လိုက်တဲ့အချိန်ပါ။ အဲဒီအချိန်အတိုင်း လာသလားဆို လာတယ်။ မီးလာပြီဟေ့ ဆိုပြီး ထမင်းပေါင်းအိုးချက်လိုက်တယ်။ တော်ကြာဆို ယိုကဆွဲ ဒီကဆွဲနဲ့ ပြန်သေသွားရော။ လာချင်တဲ့အချိန်လာပြီး သေချင်တဲ့အချိန် သေနေလို့ နွေရာသီတောင် ဒီလိုဖြစ်နေရင် မိုးရာသီဆိုဘယ်လိုလုပ်မလဲဆိုပြီး ရွာသားတွေက ဆန္ဒထွက်ပြကြတာ” ဟု ရွာသားတစ်ဦးက ပြောသည်။

ရွာသားများက ကုမ္ပဏီတာဝန်ရှိသူများနှင့် လွန်ခဲ့သည့် ခြောက်လခန့်က တွေ့ဆုံခဲ့ပြီး တောင်းဆိုခဲ့ရာ မီးအား မနိုင်ဟုဆိုကာ ကုမ္ပဏီဘက်က ပြန်လည်ပြောဆိုခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဘတ္ထရီမကောင်းတော့သည့်အတွက် လဲလှယ်ရမည်၊ ဘတ္ထရီလဲလှယ်ပြီးလျှင် လျှပ်စစ်တစ်ယူနစ်လျှင် ၃၅၀ ကောက်ခံနေရာမှ ၇၀၀ ကျပ်သို့ တိုးမြှင်ကောက်ခံမည်ဟု ကုမ္ပဏီဘက်က ပြောဆိုခဲ့ကြောင်း ရွာသာများက ဆိုသည်။

သို့သော် လက်ရှိအချိန်အထိ အကောင်အထည်မပေါ်သေးကြောင်း ၎င်းတို့က ပြောသည်။

“ကျွန်တော်တို့က ၇၀၀ ကောက်လည်းပေးမယ်။ အဓိကက ဘယ်အချိန်ကနေ ဘယ်အချိန်အထိ မီးမပျက်ပဲ ပြည့်ပြည့်ဝဝ ပေးနိုင်ရင်ရပြီ။ အခုက မိုးရွာရင်လည်း မီးပျက်တယ်။ ညဦးဖက်လူသုံးများရင်လည်း မီးပျက်တယ်။ ညနက်အိပ်ချိန်မှ မီးကမှန်တယ်။ ပျက်ချင်တဲ့အချိန်ပျက်နေတော့ ဘာအလုပ်မှ လုပ်လို့မရဘူး” ဟု ဒေသခံရွာသား နောက်တစ်ဦးက ပြောဆိုသည်။

ရွာသားများ လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်တောင်းဆိုလာသည့်အတွက် ကျေးရွာတာဝန်ခံနှင့် ပြည်သူ့စစ် (ပျူစောထီး) ခေါင်းဆောင်တို့က ကုမ္ပဏီနှင့် ညှိနှိုင်းပေးမည်ဟု ကတိပေးပြောဆိုခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် ဒေသခံ အမျိုးသားနောက်တစ်ဦးကလည်း ကုမ္ပဏီအနေဖြင့် ဆိုလာမီး ၂၄ နာရီ အချိန်ပြည့်မပေးနိုင်လျှင် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိနှင့် ညပိုင်းတွင် ည ၆ နာရီမှ ည ၁၂ နာရီအထိ ပေးစေလို ကြောင်း ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မီးလင်းရေးတာဝန်ယူထားသည့်ကုမ္ပဏီကို ဆက်သွယ်မေးမြန်ရန် ကြိုးစားနေဆဲ ဖြစ်သည်။

ဆိုလာလျှပ်စစ်မီးစီမံကိန်းကို အစိုးရက ၆၀ ရာခိုင်နှုန်း၊ ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းနှင့် ကျေးရွာဘက်က ၂၀ ရာခိုင်နှုန်းဖြင့် ထည့်ဝင်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“တပ်ဆင်ဖို့အတွက် တစ်အိမ်ကို ယူနစ်ဝါ့ဒ်အလိုက် အနည်းဆုံး ၃ သိန်းခွဲကနေ ၅ သိန်း ၆ သိန်းအထိ ပေးထားရတာ။ စပြီးလာလုပ်ချိန်က တော်တော်မှန်တယ်။ မိုးရွာလည်း ဒီဇယ်အင်ဂျင်စက်နဲ့ မောင်းပေးတယ်။ ပြီးခဲ့တဲ့နှစ်က ဒီဇယ်ဈေးတွေ တက်ပြီးနောက်ပိုင်းမှာ မမောင်းပေးတော့ဘူး။ မိုးရွာရင် မီးသေတယ်။ မိုးအုပ်ရင်လည်း မီးမလာတော့ဘူး။ ဒီဇယ်ဈေးတက်တာ ကျွန်တော်တို့နားလည်တယ်။ မီးမမှန်တဲ့အတွက် ဒေါသထွက်နေတဲ့ ရွာသားတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေ ပွင့်ပွင့်လင်းလင်း လာရောက်ညှိနှိုင်းတွေ့ဆုံဖို့ တောင်းဆိုတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရေကန်တောင်ကျေးရွာသည် အိမ်ခြေ ၈၀၀ နီးပါးရှိသည့် ရွာဖြစ်ပြီး အများစုမှာ ရေလုပ်ငန်းလုပ်ကိုင်ကြသည်။

အဆိုပါကုမ္ပဏီသည် ၂၀၁၉ ဩဂုတ်လတွင် ကျေးလက်ဆိုလာလျှပ်စစ်မီးဖြန့်ဖြူးရေးကို စတင်လုပ်ဆောင်ခဲ့ပြီး တစ်ယူနစ်လျှင် ၃၅၀ ကျပ်နှုန်းဖြင့် တစ်ရွာလျှင် လျှပ်စစ်မီး ၁၅ နှစ်ပေးရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

လက်ရှိတွင် ပုလောမြို့နယ်ရှိ ကျောက္ကာ၊ ခန္ဓီ၊ ပြင်ကြီး၊ ကုလားမခေါင်း၊ တောင်ခေါင်းလောင်း၊ လယ်ဖက်နှင့် ကျွန်းစုမြို့နယ် ကံမော်ကြီးရွာ၊ ရေကန်တောင်ရွာနှင့် စခန်းသစ်ကျေးရွာတို့အား လျှပ်စစ်မီးဖြန့်ဝေနေကြောင်း အထက်ပါဌာနထံမှ သိရသည်။