ပုလောတွင် နေအိမ်နှစ်ဆယ်နီးပါး မီးလောင်၊ အမျိုးသားတစ်ဦးဒဏ်ရာရ

0
2026

ပုလောမြို့တွင် ယနေ့ ဧပြီလ ၂၁ ရက် ညနေ သုံးနာရီခန့်က နေအိမ်နှစ်ဆယ်နီးပါး မီးလောင်ကြောင်း ပုလောမြို့ခံအချို့က ပြောသည်။  

အမှတ် (၁) ရပ်ကွက် မူလတန်းလွန်ကျောင်းအနောက်ဘက်ရှိ နေအိမ်တို့ မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“မီးလောင်တာ တအားများတယ်။ မီးခိုးလုံးကြီးတွေတောင် မြင်နေတာ” ဟု ပုလောမြို့ခံတစ်ဦးက ပြောဆိုသည်။

နေအိမ်တစ်လုံးမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် လောင်ကျွမ်းရသည်တို့ကို မသိရသေးကြောင်း ဒေသခံတို့နှင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့တို့က ဆိုသည်။

“နေအိမ်တစ်ဆောင်က စပြီးလောင်တယ်။ ထမင်းအိုးတည်လက်စနဲ့ အပြင်သွားနေလို့ လောင်တာလည်း ပြော‌ကြတယ်။ ဝါယာရှော့ဖြစ်ပြီးလောင်တာလို့လည်း ပြောနေကြတယ်။ ဘယ်လိုစလောင်သလဲဆိုတာ သက်ဆိုင်ရာကနေ စစ်ဆေးနေတုန်းပါ” ဟု ပုလောမြို့ ပရဟိတအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

မီးလောင်ပျက်စီးသည့် နေအိမ်နှစ်ဆယ်ခန့်တွင် အများစုသည် ပျဉ်ခင်း၊ ပျဉ်ကာ၊ ဓနိမိုး နေအိမ်များ ဖြစ်ကြကြောင်း အမှတ် ၁ ရပ်ကွက်နေသူအချို့က ဆိုသည်။

“ယောက်င်္ကျားတစ်ယောက်ကတော့ မီးနည်းနည်းထိသွားလို့ ဆေးရုံပို့လိုက်ရတာလို့တော့ ကြားရတယ်” ဟု အမှတ် ၁ ရပ်ကွက်နေသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ မီးလောင်မှုအား ရပ်ကွက်နေသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့သဖြင့် နာရီဝက်ခန့်အကြာတွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း ပုလောမြို့နေသူအချို့က ပြောသည်။