မြန်မာ့အရေး ဆွေးနွေးပွဲ အိန္ဒိယတွင် ပြုလုပ်မည်

0
2158

မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ ဖြစ်သည့် Track 1.5 ၏ ဒုတိယအကြိမ် အစည်းအဝေး ကို အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လာမည့်သီတင်းပတ်အတွင်း လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဤဆွေးနွေးပွဲကို ပထမအကြိမ် အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် မတ်လက ကျင်းပခဲ့ပြီးနောက် ဆွေးနွေးခဲ့သည့် ရလဒ်များကို ဆက်လက်တိုးတက်လာစေရန် အတွက် ယခုလို ထပ်မံကျင်းပခြင်း ဖြစ်သည်။

Track 1.5 အမည်ရ ဆွေးနွေးပွဲသည် အစိုးရအရာရှိများ၊ တရားဝင် ရာထူးရယူထားခြင်း မရှိဘဲ တာဝန်ထမ်းဆောင်နေသော အရာရှိများ နှင့် အစိုးရမဟုတ်သည့် ကျွမ်းကျင်သူများက သံတမန်ရေးရာအရ အတူတကွ ဆွေးနွေးကြသည့် စကားဝိုင်းဖြစ်သည်။

အိန္ဒိယက ယင်းဆွေးနွေးပွဲကို ဧပြီလ ၂၄ ရက်မှ ၂၆ ရက်အထိ နယူးဒေလီတွင် လက်ခံကျင်းပမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ ရာထူးကြီး သတင်းရင်းမြစ်က ပြောကြားခဲ့သည်။

ယခု ဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး ပဇီကြီးကျေးရွာမှ အရပ်သား ၁၆၀ ကျော် သေဆုံးခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုအပါအဝင် မြန်မာနိုင်ငံအတွင်း လက်ရှိ အခြေအနေများကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

ဒုတိယအကြိမ်မြောက် ယင်းအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အကြီးတန်းအရာရှိများနှင့် မူဝါဒရေးရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ မြန်မာနိုင်ငံနှင့် ဘုံနယ်နိမိတ်ကို မျှဝေသည့် နိုင်ငံများမှ ဆွေးနွေးဖက်နိုင်ငံများ ပါဝင်မည်ဖြစ်သည်။

အဆိုပါနိုင်ငံများမှာ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ဖြစ်သည်။

ဤဆွေးနွေးပွဲအတွက် ယခင်နှင့် လက်ရှိအာဆီယံဥက္ကဋ္ဌများဖြစ်သည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနိုင်ငံ တို့နှင့်အတူ ဂျပန်နိုင်ငံကဲ့သို့ မြန်မာနိုင်ငံအတွက် အဓိက ပံ့ပိုးလှုဒါန်းပေးနေသော နိုင်ငံများကိုလည်း ဖိတ်ကြားထားသည်။

ထို့အပြင် ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများမှ ပညာရှင်များလည်း ယခုလို သုံးရက်ကြာ ဆွေးနွေးမှုတွင် ပါဝင်မည်ဖြစ်သည်။

Track 1.5 ဆွေးနွေးပွဲကို ထိုင်းနိုင်ငံမှ စတင်အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အကျပ်အတည်းတွင် ထိခိုက်ခံစားရသည့် သက်ဆိုင်သူများအကြား တွေ့ဆုံဆွေးနွေးရန် ထပ်တိုး လမ်းကြောင်းများ ဖွင့်လှစ်ပေးသည့် နည်းလမ်းအဖြစ် စတင်ခဲ့ခြင်းဖြစ်သည်။

ဤဆွေးနွေးပွဲသည် နိုင်ငံများအကြား အပြန်အလှန်ယုံကြည်မှု မြှင့်တင်ရန်လည်း ရည်ရွယ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန်အတွက် အာဆီယံ၏ သဘောတူညီမှု (၅)ရပ်အတွင်း အကျုံးဝင်သည့် သီးခြားကိစ္စရပ်များကို အဓိကထား ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်သည်။

ယခု ဆွေးနွေးပွဲမှ ထွက်လာမည့် ညှိနှိုင်းမှုရလဒ်များကို အကြီးတန်းအရာရှိများက ဆက်လက် အကောင်အထည်ဖော်ပေးရန် မျှော်လင့်ထားသည်။

လက်တလောတွင် ပဋိပက္ခဖြစ်ဖွယ် အခြေအနေများ ဆက်လက်ဖြစ်ပွားနေသဖြင့် အာဆီယံငြိမ်းချမ်းရေး အစီအစဥ် အကောင်အထည်ဖော်မှုမှာ တိုးတက်မှု နှေးကွေးနေသေးသည်။

Reference ● Thai PBS World