ပုလောတွင် မီးလောင်မှုကြောင့် လူ ၁၆၀ကျော် မီးဘေးသင့်

0
2244

ပုလောမြို့ အမှတ် ၁ ရပ်ကွက်တွင် ယနေ့ ဧပြီလ ၂၁ ရက် ညနေ သုံးနာရီခန့်က နေအိမ်နှစ်ဆယ်ကျော် မီးလောင်ပျက်စီးမှုကြောင့် လူ ၁၆၀ဦးကျော် မီးဘေးသင့်ကြောင်း ပုလောမြို့ခံအချို့က ပြောသည်။

နေအိမ် ၂၁ လုံးမီးလောင်ပျက်စီးခဲ့ပြီး အိမ်ထောင်စု ၂၂ စု လူဦးရေအားဖြင့် ၁၆၁ ဦးတို့ မီးဘေးသင့်ကြောင်း ပုလောမြို့ ပရဟိတအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ဆိုသည်။

မီးလောင်သည့် နေအိမ်များမှာ အခြေခံလူတန်းစားများ နေထိုင်သည့်နေအိမ်များဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အိမ်တွေမှာ သားသမီးတွေ တအားများတာကိုး” ဟု ပရဟိတအသင်းဝင်က ပြောသည်။

မီးဘေးသင့်သည့် အမျိုးသား ၇၂ ဦး၊ အမျိုးသမီး ၈၉ ဦး စုစုပေါင်း ၁၆၁ ဦး တို့အား ပုလာမြို့ မိုးလုံလေလုံခန်းမတွင် နေရာချထားပေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မီးဘေးသင့်သူများတွင် ကလေးငယ် အများအပြားပါဝင်ပြီး အရေအတွက်အတိအကျကိုမူ မသိရသေးကြောင်း အထက်ပါ ပရဟိတအသင်းဝင်က ဆိုသည်။

အဆိုပါ မီးဘေးသင့်သူတို့အနက် အမျိုးသားတစ်ဦးမှာ မီးလောင် (မီးဟပ်) ဒဏ်ရာအချို့ဖြင့် ဆေးရုံသို့ တင်ပို့ထားကြောင်း ဒေသခံတို့ထံမှ သိရသည်။

အိမ်ငှားနေထိုင်သည့် နေအိမ်တစ်လုံးမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးလောင်သည့် အကြောင်းအရင်းအား သက်ဆိုင်ရာက စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။