သင်တန်းတက်ရန်လာသည့် ကျောင်းဆရာမတစ်ဦး သရက်ချောင်းဘုတ်တောင်တွင် အဖမ်းခံရ

0
3388

ပုလောမြို့မှ ထားဝယ်မြို့သို့ သင်တန်းတက်ရန်လာသည့် ကျောင်းဆရာမတစ်ဦး ဧပြီလ ၁၈ ရက်က သရက်ချောင်းမြို့နယ် ဘုတ်တောင်တွင် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။

အဖမ်းခံရသူမှာ ပုလောမြို့နယ်၊ ခန္ဒီကျေးရွာမှ အလယ်တန်းပြဆရာမဖြစ်ပြီး ထားဝယ်မြို့တွင် ပညာရေးဘွဲ့(B.Ed) သင်တန်းတက်ရန် လာခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှုးရုံး တာဝန်ရှိသူတစ်ဦးကပြောသည်။

ပုလောမြို့မှ ထားဝယ်သို့အလာ သရက်ချောင်းမြို့နယ် ဘုတ်တောင်အရောက်တွင် အမည်မသိ လက်နက်ကိုင်များက ခရီးသည်တင်ကားပေါ်ပါလာသည့် ကျောင်းဆရာမ ၄ ဦးကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း ၎င်းတာဝန်ရှိသူကပြောသည်။

စစ်‌ဆေးပြီးနောက် ကျန်ကျောင်းဆရာမသုံးဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျောင်းဆရာမတစ်ဦးကို ယနေ့ ဧပြီလ ၁၉ ရက်အထိ ပြန်မလွှတ်ပေးသေးကြောင်း ၎င်းပြောကြားသည်။

“မြို့နယ်ရုံးကို ဖုန်းလှမ်းဆက်တော့ မလွှတ်လာသေးဘူးလို့ပြောတယ်။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာ အဲဒါလဲမသိရဘူး” ဟု ၎င်းကဆိုသည်။

ဒေသခံအချို့ကမူ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ခိုင်လုံသည့် အကြောင်းပြချက်ရှိသဖြင့် ဖမ်းဆီးထားခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုကြသော်လည်း Dawei Watch အနေဖြင့် ယင်းအပေါ် အတည်ပြုနိုင်ခြင်းမရှိပေ။

ယင်းကိစ္စနှင့် ပတ်သက်၍လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုခုက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။