ထန်းပင်ကိုဖောင်ဖွဲ့ပြီး ပင်လယ်ထဲ တစ်ဦးတည်းစီးမျောနေသည့် နိုင်ငံခြားသားကို ထိုင်းရဲ လှေဖြင့်သွားခေါ်

0
2372

ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ်ထဲတွင် ကိုယ်တိုင်လုပ်ဖောင်ဖြင့် တစ်ဦးတည်း စီးမျောသွားလာနေသော နိုင်ငံခြားသား တစ်ဦးကို ထိုင်းစစ်တပ်က စက်လှေဖြင့် သွားခေါ်ခဲ့ရကြောင်း The Thaiger ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။

အဆိုပါနိုင်ငံခြားသားသည် ကိုယ်တိုင်လုပ်ဖောင်ဖြင့် တရတ်ခရိုင် ကော့ကူန်ကျွန်းအနီး ပင်လယ်ထဲတွင် တစ်ဦးတည်း စီးမျောနေသည်ကို အပျော်တမ်းငါးဖမ်းထွက်လာသော ထိုင်းခရီးသွားများက ဧပြီလ ၁၇ ရက်နေ့တွင် တွေ့ရှိခဲ့သဖြင့် TikTok ဗီဒီယိုမှတ်တမ်းတင်ထားခဲ့သည်။

အဆိုပါ ဗီဒီယိုဖိုင်သည် ၂၀၀၀ ပြည့်နှစ်က Tom Hanks မင်းသားရိုက်ကူးခဲ့သော Survival ရုပ်ရှင်ဇာတ်လမ်းဖြစ်သည့် Cast Away ရုပ်ရှင်၏ အခန်းဆက်နှင့်ပင် တူနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုင်းခရီးသွားများသည် စင်းလုံးငှားလှေဖြင့် ကင်းမွန်ဖမ်းထွက်လာစဉ်တွင် ပင်လယ်ပြင်တွင် မျောပါနေသော ဖောင်တစ်ခုကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အနီးကပ်သွားကြည့်ခဲ့ရာမှ ဖောင်ပေါ်တွင် ခရီးဆောင်အိတ်နှင့် နိုင်ငံခြားသားတစ်ဦးကို သတိပြုမိခဲ့သဖြင့် သူ၏ Tik Tok ဗီဒီယိုဖိုင်တွင် “ဘယ်နေရာကို စီးမျောမလို့လဲ” ဟု စာသားရေးကာ တင်ထားခဲ့သည်။

နိုင်ငံခြားသားနှင့် ၎င်း၏ပစ္စည်းများသည် ပင်လယ်ထဲ မျောပါနေသည်မှာ အန္တရာယ်ဖြစ်နိုင်သည်ဟု မထင်ရဘဲ အဆင်ပြေချောမွေ့နေခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဆိုပါဖောင်ကို နိုင်ငံခြားသားက ထန်းပင်ကနေ ကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အကယ်၍ မုန်တိုင်းလာခဲ့ပြီး သူသာ ကမ်းခြေကို ပြန်မကပ်နိုင်ခဲ့ပါက အသက်မရှင်နိုင်သဖြင့် ထိုင်းအာဏာပိုင်များက နိုင်ငံခြားသား၏ လုံခြုံရေးကို စိုးရိမ်ခဲ့ကြောင်းလည်း ရေးသားထားသည်။

နောက်ပိုင်းတွင် စစ်သားများပါသော စက်လှေတစ်စီး ရောက်ရှိလာခဲ့ပြီး နိုင်ငံခြားသားနှင့် ၎င်း၏ ခရီးဆောင်အိတ်ပါသော လက်လုပ်ဖောင်ကို ကမ်းခြေသို့ ဆွဲသွားသည်ကို တွေ့ရှိခဲ့ရကြောင်း TikTok ဗီဒီယိုဖိုင်အရ မြင်တွေ့နေရသည်။

အဆိုပါ နိုင်ငံခြားသားမှာ မည်သည့်နိုင်ငံသားဖြစ်သည်၊ မည်သည့်အကြောင်းအရင်းကြောင့် ဖောင်ဖြင့် စီးမျောနေသည် တို့ကို သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။