တိုက်ပွဲ‌ကြောင့် မြိတ်-မောတောင် ခရီးသည်တင်ယာဉ်လိုင်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ရပ်နားထားရဆဲ

0
2494

တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပေါ်မှုကြောင့် မြိတ်-မောတောင် ခရီးသည်တင်ယာဉ်လိုင်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ရပ်နားထားရဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ‌တနင်္သာမြို့နယ်အတွင်း တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခြင်း၊ ဧပြီလ ၄ ရက်နှင့် ၅ ရက် တို့တွင် မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမရှိ တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာအနီးနှင့် ရမ်းဖိုရွာတံတားတို့တွင် စစ်ကောင်စီယာဉ်တို့အား မိုင်းဆွဲခံရခြင်း စသဖြင့် ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ထို့အပြင် မော‌တောင်လမ်းပိုင်းတစ်နေရာဖြစ်သည့် လယ်တောင်ယာရွာအနီးတွင် ဧပြီလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သေးသည်။

“ဧပြီလ ၄ ရက်နေ့ကတည်းက မောတောင်ဘက်ကို သွားလို့မရတော့ဘူး” ဟု မြိတ်မှ မော‌တောင်နယ်စပ်သို့ ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူတစ်ဦးက ပြောသည်။

ထို့အပြင် ခရီးသည်တင်ယာဉ်လိုင်းတို့သည် ဧပြီလအစမှစပြီး လက်ရှိအချိန်ထိ ရပ်နားထားရကြောင်း မြိတ်-မောတောင် ခရီးသည်တင်ယာဉ်လိုင်းအချို့ထံမှ သိရသည်။

“မောတောင်ဘက်မှာ ပိတ်မိ‌နေတဲ့ကားတွေရှိတယ်။ မြိတ်ဘက်က ကားတွေလည်း လုံးဝသွားလို့ မရသေးဘူး” ဟု ခရီးသည်တင်ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ပြောသည်။

ထို့ကြောင့် ‌မြိတ်-မောတောင်သို့ ပြေးဆွဲနေသည့် ယာဉ်အချို့ မြိတ်-ကော့သောင်းဘက်သို့ ပြောင်းလဲပြေးဆွဲနေကြသလို မြိတ်- ထားဝယ်ဘက်သို့လည်း ပြောင်းလဲပြေးဆွဲမှုများလည်း ရှိနေကြောင်း ခရီးသည်တင်ယာဉ်လိုင်းအချို့ထံမှ သိရသည်။

“ရေဖြူဘက်တို့၊ လယ်တောင်ယာဘက်တို့ တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတာ။ မောတောင်တက်တဲ့ လမ်းမှာဆိုရင် မကြာမကြာဖြစ်နေတာပဲ။ ကားပြန်ဆွဲဖို့က အခြေအနေကြည့်နေတုန်းပါ” ဟု မြိတ်-မောတောင် ခရီးသည်တင်ယာဉ်လိုင်း တာဝန်ခံတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ပွဲအခြေအနေတို့ကြောင့် မောတောင်သို့ တင်ပို့နေသည့် မြိတ်ရေထွက်ကုန်တို့အား ရေလမ်းခရီးဖြင့် ရနောင်းဘက်သို့ တင်ပို့နေရကြောင်း ရေထွက်ကုန်များတင်ပို့ရောင်းချနေသူအချို့က ပြောသည်။

မြိတ်ရေထွက်ကုန်တို့အား မောတောင်နယ်စပ်ဘက်သို့ တင်ပို့ရာတွင် နေ့ချင်းတင်ပို့နိုင်ပြီး ထိုင်းငါးဈေးကွက်သို့ အချိန်တိုအတွင်းရောက်ရှိခဲ့ကြောင်း ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူတစ်ဦးက ပြောပြသည်။

“မော‌တောင်ဘက်ကို တင်နေတဲ့ သားငါးတွေဆိုရင် ရေလမ်းကနေပဲ ပြန်သွားနေရတာပေါ့” ရေထွက်ကုန်များ တင်ပို့ ရောင်းချနေသူတစ်ဦးက ပြောသည်။

ရေလမ်းခရီးဖြင့် ရနောင်းဘက်သို့တင်ပို့ရာတွင် တစ်ညအိမ်ခရီးသွားရခြင်း၊ ရနောင်းဘက်တွင် ဂိုထောင်ခအပါအဝင် အခြားစရိတ်စကများ ပိုမိုကုန်ကျလေ့ရှိကြောင်း ၎င်းကဆိုသည်။

“မော‌တောင်ဘက်က ပိုကောင်းတယ်။ ရနောင်းဘက်ဆိုရင် အချိန်ရော၊ စရိတ်စကတွေလည်း ပိုကုန်တာပေါ့” ဟု ၎င်းက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် တနင်္သာရီမြို့နယ်ရှိ ထုံခါ-မောတောင်ကုန်သွယ်ရေးလမ်းကို ဖြတ်သန်းသွားလာခွင့်မပြုကြရန် ပြီးခဲ့သည့် မတ်လ ၃၁ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပိတ်ပင်ခဲ့သည်။

ယင်းနောက် သုံးရက်အကြာတွင် မြိတ်-ဘုတ်ပြင်း လမ်းကိုပါ ထပ်မံပိတ်ခဲ့သည်။ သို့သော်လည်း ယင်းလမ်းမှာ ဧပြီလ ၁၀ ရက်မှာ စတင်ကာ ကားအချို့ ဖြတ်သန်းသွားလာနေကြပြီဖြစ်သည်။