ထားဝယ်မြို့တွင် နေအိမ်ထဲဝင်ခိုးသည်ဆိုသည့် လူငယ်တစ်ဦး ပစ်သတ်ခံရ

0
3693

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် ဝင်ခိုးခဲ့သည်ဟုဆိုသည့် အသက် ၂ဝအရွယ် လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်ကြောင်း မြို့ခံအချို့က ပြောသည်။

ယနေ့ ဧပြီလ ၁၈ ရက် ညနေက ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တွင် သူခိုးဝင်သည့်အတွက် ရပ်ကွက်နေသူများက လိုက်လံဖမ်းဆီးခဲ့ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

ထိုသို့ လိုက်လံဖမ်းဆီးနေစဉ် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီးနောက် သူခိုးဟုဆိုသူကို ပစ်ခတ်ဖမ်းဆီးရာမှ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် သေနတ်ဒဏ်ရာများရပြီး သေဆုံးသွားကြောင်း ၎င်းက ပြောဆိုသည်။

“ဝင်ခိုးတာ လိုက်ဖမ်းကြရင်း ဟိုလူတွေ (စစ်ကောင်စီတပ်သားတွေ) သိသွားလို့ လာကြတာလို့ထင်တယ်” ဟု အဆိုပါ မြို့ခံအမျိုးသားက ပြောသည်။

သူခိုးဟုဆိုသူမှာ ရပ်ကွက်နေသူများလိုက်ဖမ်းသဖြင့် ထွက်ပြေးရာမှ ကြက်စားပြင်ရပ်ကွက်ရှိ အခြားနေရာတစ်ခုတွင် စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အခြားမြို့ခံတစ်ဦးက ပြောဆိုသည်။

အဆိုပါလူငယ်အမျိုးသားမှာ ယခင်က ခိုးမှုဖြင့် ထောင်ကျခဲ့ဖူးပြီး ပြန်လွတ်လာသည်မှာ မကြာသေးကြောင်း ၎င်းက ဆိုသည်။

သေဆုံးသည့် အမျိုးသားမှာ အသက် ၂၀ ဝန်းကျင်ရှိ ကိုစိုးမိုးဦးဆိုသူဖြစ်ပြီး ဒေါင်းငူရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရသည်။