အကျဉ်းသား သုံးထောင်ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေး

0
2232

တစ်နိုင်ငံလုံးရှိ အကျဉ်းသား၊ အကျဉ်းသူ သုံးထောင်ကျော်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ ဧပြီလ ၁၇ ရက်တွင် လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးရှိ အကျဉ်းသား၊ အကျဉ်းသူ ၃၀၁၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူမည်မျှပါဝင်သည်ကိုမူ မသိရသေးပေ။

ယခင် လွတ်ငြိမ်းခွင့်ပေးချိန်များက အတိုင်းပင် ကန့်သတ်ချက်ဖြင့် ပြန်လွှတ်ခြင်းဖြစ်သည်။

‘နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် လက်ရှိကျခံရန် ကျန်ရှိနေသေးသည့် ပြစ်ဒဏ်များပါ ဆက်လက်ကျခံပါမည်’ ဆိုသည့် စည်းကမ်းချက်ဖြင့် ကန့်သတ်ထားခြင်းဖြစ်သည်။

နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၉၈ ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ထုတ်ပြန်ထားသည်။

ယခင်ကလည်း အခါကြီးရက်ကြီးများတွင် လွတ်ငြိမ်းသက်သာခွင့်ပေးလေ့ရှိသည်။

သို့ရာတွင် နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးထောင်ကျခံနေရသူ အနည်းငယ်သာပါဝင်ပြီး ရာဇဝတ်မှုဖြင့် ထောင်ကျခံနေရသူအများစု ပြန်လွတ်သည့်အတွက် ပြည်သူလူထုအကြား ဝေဖန်မှုများရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ အာဏာသိမ်းချိန်မှ ယခုနှစ်ဧပြီလ ၁၂ ရက်နေ့အထိ ပြည်သူနှစ်သောင်းကျော် (၂၁၃၄၈ဦး) ဖမ်းဆီးခံရကြောင်း ဖော်ပြထားသည်။

တနင်္သာရီတိုင်းတွင် အကျဉ်းထောင်သုံးခုနှင့် အလုပ်စခန်း သုံးခုရှိသည်။

ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းစာရင်းများအရ ထားဝယ်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသား ၃၆၀ ကျော်ရှိကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်ထံမှ သိရသည်။