ဆိပ်ဖူးရွာ ပျူ‌စောထီးခေါင်းဆောင်နှစ်ဦး ပစ်သတ်ခံရ၊ ဒေသခံရာချီ ထိုင်းဘက်သို့ တိမ်းရှောင်

0
2299

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့ ဆိပ်ဖူးကျေးရွာတွင် ဧပြီလ ၁၆ ရက် ညနေပိုင်းက ပျူစောထီးခေါင်းဆောင် နှစ်ဦးကို ရှင်းလင်းခဲ့ပြီး လက်နက်အချို့လည်း သိမ်းဆည်းရမိကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆိပ်ဖူးကျေးရွာရှိ ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်ဝင်းနှင့် ဒုခေါင်းဆောင် ဦးမြင့်အောင်တို့အား ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၁၆ရက် ညနေ ၄နာရီခန့်က သွားရောက်ရှင်းလင်းခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းတို့အား ရှင်းလင်းခဲ့ပြီးနောက် AK-47 နှစ်လက်၊ AK ကျည် ၁၁၉ တောင့်၊ 9mm ပစ္စတိုတစ်လက်၊ ကျည်ကာ လေးထည်၊ ယူနီဖေါင်းနှစ်စုံ၊ ဆုံလည် ဂစ် (စ်) သေနတ်တစ်လက်၊ ကျည်ဘောက်ငါးခုနှင့် ဓါးရှည်၊ ဓါးတိုအချို့အား သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပျူစောထီးဒုခေါင်းဆောင်၏ နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က မီးရှို့ခဲ့ကြောင်း ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

သို့သော် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် မီးရှို့မှုဖြစ်စဉ်မှာ ၎င်းတို့လုပ်ဆောင်ခြင်း ဟုတ်မဟုတ် ထည့်သွင်း ထုတ်ပြန်ထားခြင်း မရှိပေ။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် စိုးရိမ်ကြောက်လန့်ကာ ကလေးငယ်များ၊ အသက်ကြီးများ အပါအဝင် ဒေသခံရွာသား ငါးရာနီးပါးမှာ ထိုင်းနိုင်ငံ ကရဘူရီဒေသသို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း အဆိုပါတိမ်းရှောင်လာသူများကို ကူညီစောင့်ရှောက်ပေးသည့် ဆရာတော် ဦးပညာသီရိက မိန့်ကြားသည်။

ထိုင်း-မြန်မာနယ်စပ် ကရဘူရီမြစ်ကို လှေဖြင့်ကူး၍ ရနောင်းခရိုင် ကရဘူရီဒေသသို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်ကြောင်း ရနောင်ခရိုင် အုပ်ချုပ်ရေးမှူးစာမျက်နှာတွင်‌ ဖော်ပြထားသည်။

၎င်းတို့ကို ထိုင်းနယ်ခြားစောင့်တပ်များနှင့်အာဏာပိုင်များက ကရဘူရီဒေသရှိ သတ်မှတ်နေရာတွင် နေရာချထား ပေးခဲ့ပြီး အစားအသောက်နှင့် လူသားချင်းစာနာမှု အထောက်အပံ့များပေးထားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံတို့မှာ ယနေ့ ဧပြီလ ၁၇ ရက် နံနက်ပိုင်းတွင် ဆိပ်ဖူးရွာရှိ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှတစ်ဆင့် နေရပ်သို့ ပြန်သွားနေကြပြီဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ညတုန်းက လေးရာကျော် ငါးရာနီးနီးလောက်ရှိတယ်။ မနက်ပိုင်းတုန်းက (ပြန်သွားကြလို့) နှစ်ရာကျော်ကျော် လောက်ပဲ ကျန်တယ်။ ၁၁ နာရီပတ်ဝန်းကျင်မှာတော့ အကုန်ပြန်ကုန်ပြီတဲ့။ အဲဒီလိုကြားရတယ်” ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။

ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ပူးပေါင်းကြရန် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ ထောင့်တိုင်များအဖြစ် ဆက်လက်လုပ်ဆောင်နေပါက ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။