မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းနေဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီးပြော

0
2085

အင်ဒိုနီးရှားနိုင်ငံမှ အရာရှိများသည် မြန်မာနိုင်ငံ၏ နယ်ပယ်အစုံမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ကြပြီး ယင်းအစည်းအဝေးမှတစ်ဆင့် မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့် အခြေအနေကို ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ က ပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲများကို ချမှတ်ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးအတွင်း တက်ရောက်သူများနှင့် ပတ်သက်ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ယခင်က မပါဝင်ခဲ့သည့် ကဏ္ဍများမှ တာဝန်ရှိသူများပါ ပါဝင်ခဲ့ကြောင်း ဧပြီလ ၅ရက်နေ့မှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရတ်နိုက ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ဖြစ်လာသည့် အင်ဒိုနီးရှားနိုင်ငံအနေနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ကမောက်ကမဖြစ်နေသော မြန်မာနိုင်ငံတွင်း အခြေအနေများကို တိုးတက်ကောင်းမွန်လာစေရန် အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု ကတိပြုထားသည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် (အရှေ့တောင်အာရှနိုင်ငံများအသင်း) အာဆီယံအဖွဲ့သည် ငြိမ်းချမ်းရေးအတွက် အချက်ငါးချက် သဘောတူညီမှု (5PC) အစီအစဉ်ကို မြန်မာနိုင်ငံနှင့် ရေးဆွဲခဲ့သော်လည်း ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးတွင်မူ တိုးတက်မှု အနည်းငယ်သာ ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် အကြမ်းဖက်မှုများကြောင့် လူထောင်ပေါင်းများစွာ အသက် အိုးအိမ်များ ဆုံးရှုံးခဲ့ရသည်။

အင်ဒိုနီးရှားနိုင်ငံနှင့် အာဆီယံအဖွဲ့အတွက် ဦးစားပေးမှာ မြန်မာနိုင်ငံအနေနှင့် လုပ်ဆောင်ရန် သဘောတူထားသည့် ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည် ဖော်ရန်ဖြစ်ပြီး နိုင်ငံများအကြား လတ်တလော စေ့စပ်ညှိနှိုင်းမှုများ၏ အရေးပါမှုကိုလည်း ရတ်နို က အလေးပေး ပြောကြားခဲ့ပါသည်။

အင်ဒိုနီးရှားသည် ဤအကျပ်အတည်းဖြေရှင်းရေး အတွက် ပါဝင်ခဲ့ကြသည့် အထူးသံတမန်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သူမက ထုတ်ဖော်ပြောကြားခဲ့သည်။ ၎င်းအထူးသံတမန်များတွင်  ကုလသမဂ္ဂအဖွဲ့နှင့် မြန်မာနိုင်ငံ မှ လည်း ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံ၏ အခြေအနေဆိုင်ရာ တိုးတက်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအား အင်ဒိုနီးရှားက အသိပေးခဲ့ကြောင်း ရတ်နို က မတ်လ ၁၃ရက်နေ့တွင် ပြောကြားခဲ့သည်။ “ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ရဲ့ တံခါးပိတ် အစည်းအဝေးမှာလည်း အင်ဒိုနီးရှားရဲ့  ဥက္ကဋ္ဌတာဝန်၊ အာဆီယံအချက်အချာကျမှု နဲ့ 5PC အစီအစဉ် အပေါ်  အားကောင်းတဲ့ ထောက်ခံမှုကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပါတယ်”

လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးရေး နှင့် ဘေးအန္တရာယ် ကာကွယ်စီမံရေး ဆိုင်ရာ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး စင်တာ (AHA Centre) က မြန်မာနိုင်ငံရှိ ပြည်သူများထံ လူမျိုးစု နောက်ခံ၊ ဘာသာရေးနှင့် နိုင်ငံရေး တိမ်းညွှတ်မှု မခွဲခြားဘဲ အကူအညီများ ဖြန့်ကျက်ပံ့ပိုးနိုင်ရန် အင်ဒိုနီးရှားနိုင်ငံ အနေနှင့် ဆောင်ရွက်ပေးလျက် ရှိကြောင်း ရတ်နိုက ပြောကြားခဲ့သည်။

ယင်း AHA Center သည် ကုလသမဂ္ဂ ကဲ့သို့သော အခြားအဖွဲ့များနှင့် အာဆီယံအဖွဲ့ဝင်အစိုးရများ အကြား အရေးပေါ် အခြေအနေများအတွက် တုံ့ပြန်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများကို လွယ်ကူချောမွေ့စေရန် ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း ဖြစ်သည်။

Reference

●       The Straits Times