တိုက်ပွဲများကြောင့် မြိတ်-ဘုတ်ပြင်း ခရီးသွားများ ရေလမ်းကို အားကိုးနေရ

0
2094
ပုံစာ -အမှတ် ၁ ဘောတံတားမြင်ကွင်း။

မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ကားလမ်းတစ်လျှောက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသဖြင့် မြိတ်-ဘုတ်ပြင်း ခရီးသွားများသည် ရေကြောင်းလမ်းကို အားကိုးနေရကြောင်း မြိတ်-ဘုတ်ပြင်း ခရီးသည်တင် စက်လှေချို့ထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လအကုန်ခန့်က ‌တနင်္သာမြို့နယ်အတွင်း တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပေါ်ခြင်း၊ ဧပြီလ ၄ ရက်နေ့နှင့် ၅ ရက်တို့တွင် မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမရှိ တနင်္သာရီမြို့နယ် ဘန်းလမွှတ်ရွာအနီးနှင့် ရမ်းဖိုရွာတံတားတို့တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရခြင်း စသဖြင့် ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်။

ယင်းအခြေအနေများကြောင့် မြိတ်-ဘုတ်ပြင်း ခရီးသွားများအနေဖြင့် ပြည်ထောင်စုလမ်းမကို ဖြတ်သန်း၍ ခရီးသွားလာခြင်းမပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်များက ကြေညာထားသည်။

ယင်းကဲ့သို့ ကားလမ်းခရီးတွက် အခက်အခဲများဖြစ်ပေါ်နေသဖြင့် ခရီးသွားများအနေဖြင့် မြိတ်-ဘုတ်ပြင်း ခရီးသည်တင်စက်လှေတို့အား စီးနင်းသူများလာခြင်းဖြစ်ကြောင်း သိရသည်။

“ညတုန်းက အယောက်ပေါင်း လေးရာလောက်ရှိတယ်။ လှေမှာ ပါတာက နှစ်ရာနီးနီးပဲပါတယ်” ဟု မြိတ်-ဘုတ်ပြင်း ခရီးသည်တင်စက်လှေတစ်စီးမှ လှေပိုင်ရှင်က ပြောသည်။

ခရီးသည် လေးရာအနက် နှစ်ရာဦးခန့်သာ စက်လှေတွင် လိုက်ပါစီးနင်းနိုင်ပြီး ကျန်ခရီးသည်များ ဘုတ်ပြင်းတွင် ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

ကားလမ်းခရီးတွင် ခရီးသည်များ အခက်အခဲများဖြစ်ပေါ်နေခြင်းနှင့် ဘုတ်ပြင်းမြို့ရှိ ကုန်စုံအရောင်းဆိုင်များအတွက် ရိက္ခာများ ပြတ်လပ်နေသည့်အတွက် လက်တလောလိုအပ်ချက်အရ ယာယီအနေဖြင့် ဧပြီလ ၇ နေ့မှစပြီး ဘုတ်ပြင်းမှ မြိတ်သို့ စတင်ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း ခရီးသည်တင်စက်လှေပိုင်ရှင်က ပြောပြသည်။

“ရိက္ခာတွေလည်း ဆိုင်တွေမှာ ပြတ်နေတာကြောင့် အိမ်ကလှေ ခဏထွက်ဆွဲပေးတာ” ဟု၎င်းက ပြောသည်။

ယခင်က မြိတ်-ဘုတ်ပြင်း ခရီးသည်တင်စက်လှေ တစ်စီးသာရှိပြီး တစ်လလျှင် နှစ်ခေါက်မှ သုံးခေါက်အထိ ပြေးဆွဲလေ့ရှိကြောင်း မြိတ် နောက်လယ်ရပ်ကွက် အမှတ် ၁ ဘောတံတားရှိ အလုပ်သမားအချို့က ပြောပြသည်။

“အခုဆို နှစ်စီးတော့ တွေ့ရပြီ၊ နောက်တစ်စီး ရှိသေးတယ်လို့ ကြားရသေးတယ်” ဟု အမှတ် ၁ ဘောတံတားရှိ အလုပ်သမားတစ်ဦးက ပြောသည်။

မြိတ်-ဘုတ်ပြင်း ခရီးသည်တင် စက်လှေတို့သည် နောက်လယ်ရပ်ကွက် အမှတ် ၁ ဘောတံတားတွင် ဆိုက်ကပ်လေ့ရှိသည်။

ထို့ပြင် ကားလမ်းဖြင့် ဘုတ်ပြင်းမှ မြိတ်သို့ ပြန်လာသူအချို့လည်း ရှိကြသည်။

ကားလမ်းဖြင့် ဘုတ်ပြင်းမှ မြိတ်သို့ ပြန်လာစဉ် ချောင်းလမုကျေးရွာတွင် တစ်ညအိပ်ခဲ့ရကြောင်း ဧပြီလ ၇ ရက်နေ့က မြိတ်သို့ ပြန်လာသူ အမျိုးသမီးတစ်ဦးက ပြောပြသည်။

မြိတ်မှ ဘုတ်ပြင်းသို့ ခရီးသည်တင်စက်လှေဖြင့် သွားမည်ဆိုပါက ဆယ်နာရီကျော်ခန့် ကြာမြင့်ပြီး ခရီးသည်တစ်ဦးလျှင် တစ်သောင်းငါး‌ထောင်ကျပ်မှ နှစ်သောင်းငါးထောင်ကျပ်အထိရှိနေကြောင်း ခရီးသည်တင်စက်လှေ အသိုင်းအဝိုင်းမှ သိရသည်။