ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
2241

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ ဈေးတန်းအမြင့်တွင် အလှုပ်အခတ်နည်းနည်းဖြင့်ဈေးပေါက်နေသည်။

ရွှေ၊ဘတ်ဈေး ငြိမ်နေသည်မှာ သုံးပတ်ခန့် ရှိလာပြီဖြစ်သည်။

ဓာတ်ဆီဈေးမှာမူ အလှုပ်အခတ်များခဲ့ပြီး တစ်လီတာလျှင် ကျပ်ရာဂဏန်းအထိ တက်သွားခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

သင်္ကြန်အကြို ငြိမ်နေသည့် ရွှေဈေး

အခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ငွေကျပ်တစ်သောင်းခွဲဝန်းကျင်အထိသာ အပြောင်းအလဲရှိခဲ့သည့် ကာလဖြစ်သည်။

ယခုအပတ် တနင်္လာနေ့ (ဧပြီလ ၃ ရက်)တွင်မူ တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းသုံးသောင်း (၂၉၃၀၀၀၀ကျပ်) ဖြင့် ဈေးဖွင့်ခဲ့သည်။

နောက်ရက်များတွင်လည်း ဈေးအပြောင်းအလဲနည်းနည်းသာရှိခဲ့ပြီး သောကြာနေ့တွင် နှစ်ဆယ့်ကိုးသိန်းလေးသောင်း

(၂၉၄၀၀၀၀ ကျပ်)  ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။

ထိုင်းဘတ်ငွေဈေးလည်း အတက်အကျနည်းနည်းဖြင့် ဈေးဖွင့်ခဲံပြီး ငြိမ်သက်နေသည်။

တနင်္လာနေ့ပေါက်ဈေးအရ  ထိုင်းငွေတစ်ဘတ်လျှင် ၈၂ ကျပ်စွန်းစွန်းရှိခဲ့ပြီး နောင်ရက်များတွင်လည်း အတက်အကျအနည်းငယ်ရှိသည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၂၁၂၀ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အတက်အကျရှိသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ အတက်ကြမ်းခဲ့ပြီး နေ့စဉ်အတက်အကျရှိခဲ့သည်။

ယခုတစ်ပတ်အတွင်း ဓာတ်ဆီတစ်လီတာလျှင် ၁၆၀ ကျပ် အထိ ခုန်တက်သွားခဲ့သည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၁၇၅ ကျပ် မှ ၂၃၃၅ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၇၅ ကျပ်မှ ကျပ် ကျပ် ၃၂၀၀ ကျော်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

အမြင့်ဈေးတွင် ငြိမ်နေသည့်ရွှေဈေးမှာ လာမည့်အပတ်တွင် အပြောင်းအလဲရှိလာနိုင်ပြီး အတက်ဘက်ရောက်လာနိုင်သည်ဟု ခန့်မှန်းရသည်။

လက်ရှိကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် ၂၀၀၇ ဒေါ်လာစွန်းစွန်းပေါက်ဈေးရှိနေပြီး ပြီးခဲ့သည့်အပတ်ကမူ ၁၉၆၉ ဒေါ်လာဈေးပေါက်ခဲ့သည်။

ထိုကြောင့် လာမည့်အပတ်ရွှေဈေးမှာ တက်ရိပ်ပြလာနိုင်ကြောင်း  သုံးသပ်ရသည်။

အလှုပ်အခတ်မရှိသလောက်ငြိမ်ခဲ့သည့် ထိုင်းဘတ်ဈေးမှာ လာမည့်အပတ်တွင်လည်း ဆက်ငြိမ်နေမည့် အနေအထားဖြစ်သည်။

ထိုင်း-မြန်မာနယ်တစ်လျှောက်တွင် တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်ပွားနေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးမှာ ကျဆင်းနေသည်။

ထိုကြောင့် ဘတ်ငွေဝယ်လိုအားနည်းပြီး ထိုင်းဘတ်ငွေလဲလှယ်နှုန်းထားလည်း ငြိမ်နေမည့် အခင်းအကျင်းဖြစ်နေသည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့စက်သုံးဆီပေါက်ဈေးမှာ ကျရိပ်ပြနေပြီး ဒေါ်လာငွေလဲနှုန်းမှာ ငြိမ်နေသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၇၀ ကျပ် ပေါက်ဈေးရှိနေပြီး အတက်အကျမရှိ ဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။

သို့ရာတွင် ပြည်တွင်းလျှပ်စစ်မီးပြတ်တောက်မှုဂယက်နှင့် ဈေးကွက်အတွင်း စက်သုံးဆီဝယ်လိုအားများခြင်းကြောင့် ဈေးအမြင့်တွင်ပင် ဆက်ရှိနေနိုင်သည်။