တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင် တစ်သောင်းဝန်းကျင်အတွက် စားနပ်ရိက္ခာ အကူအညီလိုအပ်

0
2082
ဓါတ်ပုံ - နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသူ တစ်သောင်းဝန်းကျင်အထိရှိလာပြီး အရေးပေါ်စားနပ်ရိက္ခာများ လိုအပ်နေကြောင်း နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့(တနင်္သာရီ)၏ ထုတ်ပြန်ချက်အရ သိရသည်။

တနင်္သာရီမြို့နယ်အတွင်း မတ်လ ၂၈ ရက်မှစတင်ကာ ယနေ့ ဧပြီ ၈ ရက်နေ့အထိနေ့စဥ် တိုက်ပွဲများဆက်တိုက် ဖြစ်ပွါးနေပြီး စစ်ရှောင်ဦးရေ တစ်သောင်းဝန်းကျင်ရှိလာကာ စားနပ်ရိက္ခာအကူအညီလိုအပ်နေသည်ဟု နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။

လတ်တလော တိုက်ပွဲဖြစ်နေသည့် တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာအုပ်စုအတွင်းမှ သဲဖြူ၊ကြိမ်ချောင်း၊ ချောင်းနှစ်ပေါက်၊မောတောင် အမှတ် ၃ ရပ်ကွက်မှ စစ်ရှောင်လာသူအများဆုံးဖြစ်ပြီး၊ ဘန်းလမွှတ်ကျေးရွာအုပ်စု၊ အနောက်မော်တုန်းကျေးရွာအုပ်စုနှင့် မြိတ်မြို့နယ်၊တုံးဗျောကျေးရွာအုပ်စုတို့မှလည်း ဒေသခံများ စစ်ဘေးရှောင်နေရသည်။

“အခက်အခဲကတော့ အများကြီးရှိတယ်။အဓိကလိုနေတာက ဆေးဝါးနဲ့စားနပ်ရိက္ခာပေါ့” ဟုတနင်္သာရီမြို့နယ်မှ စစ်ဘေးရှောင်နေသူ အမျိုးသားကပြောသည်။

ယင်းအပြင် တနင်္သာရီမြို့နယ်ဘက်မှ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအုပ်စုအတွင်းသို့ စစ်ရှောင်လာသူအချို့ရှိနေပြီး ယင်းစစ်ရှောင်များအတွက်လည်း အကူအညီလိုအပ်နေသည်ဟု ဒေသခံများကဆိုသည်။

တနင်္သာရီမြို့နယ်အတွင်း ယခင်လက စစ်ဘေးရှောင်နေသူ နှစ်ထောင်ဝန်းကျင်သာရှိခဲ့ပြီး ယခုလတွင် တစ်သောင်းဝန်းကျင်အထိ တိုးလာခဲ့ခြင်းဖြစ်သည်။

အလားတူ စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်တွင်လည်း လက်ရှိစစ်ဘေးရှောင်နေရသူ သုံးသောင်းခန့် ရှိလာနေကြောင်း ဒေါနတနင်္သာရီစစ်ဘေးရှောင် ပံ့ပိုးကူညီရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့အား ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်ကြောင်းထိုးမှုများ ပိုမိုပြုလုပ်လာသဖြင့် နှစ်ဘက်တိုက်ပွဲများ ပိုမိုဖြစ်ပွားနေသည်။