မလေးရှားတွင် မဖြစ်မနေ သေဒဏ်ပေးမှုစနစ် ပယ်ဖျက်ရန်ဆုံးဖြတ်

0
2552

မလေးရှားနိုင်ငံ၏ မဖြစ်မနေသေဒဏ်ချမှတ်မှုစနစ်ကို ဖယ်ရှားရန် ဧပြီလ ၃ ရက်နေ့တွင် ပါလီမန်တွင်း မဲခွဲဆုံးဖြတ်လိုက်ကြသည်။

ယခင် ဥပဒေ တွင် သေဒဏ်ချမှတ်နိုင်သော  ပြစ်မှု ၃၄ မှု အထိ ရှိသော်လည်း လူသတ်မှုနှင့် အကြမ်းဖက်မှု အပါအဝင် ကြီးလေးသော ရာဇ၀တ်မှု ၁၁ မှု အတွက် မဖြစ်မနေ သေဒဏ်ချမှတ်မှုကို ဖယ်ရှားရန် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

တရားသူကြီးများသည် ခြွင်းချက်ကိစ္စများတွင် ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်ပိုင်ခွင့်ကို ဆက်လက် ထိန်းသိမ်းထားမည်ဖြစ်သည်။ သေဒဏ် အစားထိုး ချမှတ်နိုင်သည့် ပြစ်ဒဏ်များအနက် ကြိမ်ဒဏ် အပြင် သတ်မှတ်ထားသည့် အခြေအနေများအပေါ် မူတည်ပြီး နှစ် ၃၀ မှ ၄၀ အထိ ထောင်ဒဏ် စသည်တို့ ပါဝင်သည်။

ယခုမဲခွဲဆုံးဖြတ်မှုကို ရှင်းရှင်းလင်းလင်း အတည်ပြုနိုင်ရန် အထက်လွှတ်တော်ကို ဆက်လက် တင်သွင်းရဦးမည်ဖြစ်ပြီး ဤအဆင့်ကိုလည်း အောင်မြင်မည်ဟု လွှတ်တော်အမတ်များက မျှော်လင့်ထားကြသည်။

သေဒဏ် ကဲ့သို့ ကြီးလေးသောပြစ်ဒဏ်သည် ရာဇ၀တ်မှုများအတွက် ထိရောက်သော အဟန့်အတား မဟုတ်သော ၊ နောက်ပြန်လှည့်၍ မရနိုင်သည့် ပြစ်ဒဏ်သာဖြစ်ကြောင်း ဥပဒေရေးရာ ဒုတိယဝန်ကြီး ရမ်ကာပါလ် ဆင်း က  ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့အနေနဲ့ လူတစ်ဦးတစ်ယောက်ချင်းစီအတွက် မွေးရာပါ အသက်ရှင်သန်ခွင့် ရဲ့ ဖြစ်တည်မှုကို ထင်သလို လျစ်လျူရှုလို့ မရပါဘူး။ သေဒဏ်ချမှတ်လိုက်တာက ရည်ရွယ်ထားတဲ့ ရလဒ်ကို ယူဆောင်လာမှာ မဟုတ်ပါဘူး” ဟု အဆိုပါ ဥပဒေအတွက် လွှတ်တော်တွင်း ဆွေးနွေးမှုများအပြီးတွင် ၎င်းက ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ သည် ၂၀၁၈ ခုနှစ်ကတည်းက သေဒဏ်ပေးမှုကို ဆိုင်းငံ့ထားခဲ့သော်လည်း တရားရုံးများက အကျဉ်းသားများအား သေဒဏ်အတွက် ကြိုးတိုက်ထံ ဆက်လက်စေလွှတ်မှုများ ရှိခဲ့သည်။

ယခု ဥပဒေအသစ် ကို ပြဋ္ဌာန်းပြီးသည်နှင့် ကြိုးတိုက်ရှိ အကျဉ်းသားများအတွက် ၎င်းတို့၏ ပြစ်ဒဏ်များကို ပြန်လည်သုံးသပ်ရန် ရက်ပေါင်း ၉၀ ခွင့်ပြုမည်ဖြစ်သည်။

လက်ရှိ မလေးရှားနိုင်ငံတွင်း ဤကဲ့သို့ အကျဉ်းသား ၁၃၄၁ ဦးရှိပြီး ၎င်းတို့အနက် ၆၀ ရာခိုင်နှုန်းကျော်သည် မဖြစ်မနေ သေဒဏ်ချမှတ်ခြင်းခံရကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International )၏ တင်ပြချက်အရ သိရသည်။

ယခင်ဝန်ကြီးချုပ် အစ်ဇမေးလ် ဆာဘရီ ယားကော့ဘ် ၏ အစိုးရ လက်ထက်ကတည်းက သေဒဏ်ကို မဖြစ်မနေ ပြစ်ဒဏ်အဖြစ် ဖျက်သိမ်းမည် ဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ၊ ဇွန်လကတည်းက ယခုလို နိုင်ငံ၏ သေဒဏ်ကို ပယ်ဖျက်သည့် ဥပဒေပြုရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း မလေးရှားနိုင်ငံသည် အဆိုပါကြီးလေးသောပြစ်ဒဏ်ကို ဖျက်သိမ်းရန် အခြေအတင် ဆွေးနွေးနေသည်မှာ ဆယ်စုနှစ်တစ်ခုကျော်နေပြီဖြစ်သည်။ ယင်းဥပဒေများကို ပြုပြင်ပြောင်းလဲရန် အရေးကြီးသော ဥပဒေကြမ်းနှစ်ရပ်ကို တနှစ်တာ အကြေအလည် နိုင်ငံရေးဆွေးနွေးပွဲများအပြီး ၊ ပြီးခဲ့သည့် သီတင်းပတ်က လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။

အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံအချို့က ကြီးလေးသော ပြစ်ဒဏ်ချမှတ်မှုများကို အရှိန်မြှင့် လုပ်ဆောင်လာသည့်အတွက် မလေးရှားနိုင်ငံ တွင် သေဒဏ်နှင့် ပတ်သက်သည့် ဥပဒေရေးရာ ပြင်ဆင်တင်သွင်းမှုများ စတင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် တွင် စင်္ကာပူနိုင်ငံမှာ မူးယစ်ဆေးဝါးမှုဖြင့် လူ ၁၁ ဦးကို ကွပ်မျက်ခဲ့ကြောင်း အစိုးရ၏ အချက်အလက်များအရ သိရသည်။ ထို့အပြင် မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး သေဒဏ်ပေးမှု အဖြစ် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူလေးဦးအား ကွပ်မျက်ခဲ့သည်။

လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည့် Human Rights Watch ၏ အာရှဒေသဆိုင်ရာ လက်ထောက် ဒါရိုက်တာ ဖီးလ် ရောဘတ်ဆင် က တနင်္လာနေ့မှာ ပြုလုပ်ခဲ့သော ပြစ်မှုဥပဒေပြင်ဆင်မှုဆိုင်ရာ မဲခွဲဆုံးဖြတ်မှုသည် မလေးရှားနိုင်ငံအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဟု ခေါ်ဆိုခဲ့သည်။

“ဒါဟာ လာမယ့် အာဆီယံ အစည်းအဝေးတွေမှာ အလေးအနက် ပြောဆို ဆွေးနွေးမှုတွေ ဖြစ်ပေါ်စေမယ့် ၊ အရေးကြီးတဲ့ အောင်မြင်မှု တစ်ခုပါ” ဟု အဖွဲ့ဝင်နိုင်ငံ ဆယ်နိုင်ငံပါဝင်သည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကို ကိုးကား၍ ၎င်းက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

“အထူးသဖြင့် မကြာသေးမီက ကိုဗစ်ကာလအလွန် ကွပ်မျက်မှုတွေ ဆက်တိုက် စီရင်ခဲ့တဲ့ စင်ကာပူအပါအဝင် အာဆီယံနိုင်ငံတွင်း တခြားအစိုးရတွေ ကို သေဒဏ်ပေးမှုနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်ဖို့ရာ တွန်းအားပေးခြင်းဖြင့် မလေးရှားအနေနဲ့ ဒေသတွင်း ခေါင်းဆောင်မှုကို ပြသသင့်ပါတယ်။”

တရားဝင်အချက်အလက်များအရ မလေးရှားနိုင်ငံတွင် ၁၉၉၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ကြိုးပေးခံခဲ့ရသည့် အကျဉ်းသား ၁၃၁၈ ဦး ရှိကြောင်း သိရသည်။

Reference

●       Al Jazeera

●       BBC