အင်အားကြီး(နိုင်ငံ)တစ်ခုခု၏ ဝင်ရောက်စွက်ဖက်ခြင်းကို လက်ခံမည်မဟုတ်ဟု မလေးရှားဝန်ကြီးချုပ်ပြော

0
2497

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အရှေ့တောင်အာရှဒေသတွင်း ရပ်တည်နေသည့် မိမိတို့နိုင်ငံအတွက် ရှေ့ဆက်ဆုံးဖြတ်ချက်များနှင့် အနာဂတ်လမ်းကြောင်းကို ဝင်ရောက်စွက်ဖက်မည့် မည်သည့်အင်အားကြီး (နိုင်ငံ) ကိုမှ ခွင့်ပြုမည် မဟုတ်ကြောင်း မတ်လ ၃၁ရက်နေ့တွင် ပြောကြားခဲ့သည်။

“ဘယ်သူမှ ကျွန်ုပ်တို့ (မလေးရှား) ကို မချုပ်ကိုင်သင့်ပါဘူး။ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ နိုင်ငံတစ်ခုအနေနဲ့ ကျွန်ုပ်တို့အတွက် ဘယ်လိုအရာ အကောင်းဆုံးလဲဆိုတာ ကိုယ်တိုင်ဆုံးဖြတ်မှာပါ” ဟု ၎င်း၏ တရုတ်နိုင်ငံ တရားဝင်ခရီးစဉ်၏ သုံးရက်မြောက်နေ့တွင် အန်ဝါက ဘနားမား သတင်းဌာနကို ပြောကြားခဲ့သည်။

“နိုင်ငံနဲ့ ပြည်သူတွေအတွက် အကျိုးရှိစေမယ့် ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်နဲ့ မူဝါဒတွေ တကယ် လုပ်ဆောင်နိုင်အောင် အဓိက တန်ဖိုးထားမှုတွေနဲ့ စည်းမျဉ်းတွေကို အခြေခံပြီး ကျွန်ုပ်တို့ ဆုံးဖြတ်တာပါ”

“အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ကို လွတ်လပ်ပြီး ကြားနေဇုန်အဖြစ် ထူထောင်ခဲ့တာ ဖြစ်လို့ အခုလည်း ဒီရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းထားသင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တရုတ်နိုင်ငံ ၊ ဟိုင်နန်ရှိ ဘိုအောင်ဝ် အာရှ ဖိုရမ် – ဘီအက်ဖ်အေ (Boao Forum for Asia – BFA) ကို တက်ရောက်ပြီးနောက် အန်ဝါသည် ဘေဂျင်းမြို့ရှိ နာမည်ကျော် ချင်းဟွာတက္ကသိုလ်တွင် လူထုဟောပြောပွဲတစ်ခု၌ တရုတ်နှင့် အမေရိကန်ကြား ပြိုင်ဆိုင်မှုဆိုင်ရာ မေးခွန်းကို ယင်းသို့တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၀၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ဘီအက်ဖ်အေ ဖိုရမ် သည် ဒေသတွင်း စီးပွားရေး ပေါင်းစည်းမှုမှတစ်ဆင့် နိုင်ငံများအကြား ဘုံဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။

မလေးရှားနိုင်ငံနှင့် တရုတ်နိုင်ငံ အကြား ဆက်ဆံရေးနှင့်ပတ်သက်၍ အန်ဝါက နှစ်နိုင်ငံကြား သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း မလေးရှားအနေနှင့် တရုတ်ကို ပြိုင်ဘက်အဖြစ်လည်းကောင်း၊ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံဆီက တိုက်ရိုက်ခြိမ်းခြောက်မှုမျိုး လုံးဝမရှိတာကြောင့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းအဖြစ် ရှိခွင့်ရတာကို ဝမ်းသာမိပြီး သူတို့ရဲ့ အောင်မြင်မှုကနေ အကျိုးအမြတ်ရလို့ ပျော်ရွှင်မိပါတယ်” ဟု ၎င်းက ဆိုသည်။

မလေးရှားအနေနှင့် တရုတ်နှင့် အမေရိကန်အပါအဝင် နိုင်ငံအားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်လိုကြောင်း အန်ဝါက ထပ်လောင်းပြောကြားခဲ့သည်။

ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံများကဲ့သို့ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံ အများအပြားနှင့်အတူ မလေးရှားသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့်အတူ တည်ရှိနိုင်ရန် တောင်းဆိုထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်များကဲ့သို့သော နိုင်ငံများကမူ တရုတ်နိုင်ငံ၏ နယ်မြေသတ်မှတ် ချဲ့ထွင်မှုများအပေါ် စိုးရိမ်လျက်ရှိသည်။

ယနေ့ နိုင်ငံတကာ သံခင်းတမန်ခင်း၏ အရှိန်အဟုန်သည် ပြောင်းလဲနေပြီး လက်ရှိဖြစ်ပေါ်နေသော ရုရှား-ယူကရိန်း ပဋိပက္ခသည် တစ်ကမ္ဘာလုံးကို ထိခိုက်စေကြောင်း ၊ ဤအချက်ကိုလည်း တရုတ်နှင့် အမေရိကန်တို့က နားလည်ရမည်ဖြစ်ကြောင်း အန်ဝါက ပြောကြားခဲ့သည်။

“နယ်ချဲ့စနစ်နဲ့ အရင်းရှင်စနစ်သစ်ခေတ်က ကုန်ဆုံးသွားပြီ။ ဘယ်နိုင်ငံမှ (အခြားနိုင်ငံအတွက်) ဝင်စွက်ဖက် ညွှန်ကြားလို့ မရဘူး။ ပြည်သူတွေက သူတို့ရဲ့ လွတ်လပ်ရေးကို အခိုင်အမာ လိုလားပြီး သူတို့ကိုယ်သူတို့အတွက်နဲ့ နိုင်ငံအတွက် အကောင်းဆုံးဆိုတာကို ဆုံးဖြတ်ချင်ကြတယ်” ဟု အန်ဝါက ပြောကြောင်း ဘနားမားသတင်းဌာန၏ တင်ပြချက်အရ သိရသည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က ဘီအက်ဖ်အေ ဖိုရမ်တွင် မိန့်ခွန်း ပြောနေစဉ် အန်ဝါက စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အာရှဒေသ အတွက် ပိုမိုခံနိုင်ရည်ရှိပြီး ကိုဗစ်-၁၉ အလွန်ကာလတွင် အတူတကွ ပိုမိုအားကောင်းလာစေဖို့ရာ အဓိကကျကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“မြင့်မားသော အတွေးအခေါ်များကို လက်တွေ့ဘဝမှာ တကယ်အသုံးချနိုင်မယ့် အချက်တွေအဖြစ် ပြောင်းလဲနိုင်လိုက်မယ်ဆိုရင် စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာက ခေတ်သစ်ပိုးလမ်းမကြီး ကို အကောင်အထည်ဖော်ရေးအတွက် အကောင်းဆုံး သာဓက ဖြစ်ပါတယ်”

“ကမ္ဘာ့ကူးစက်ကပ်ရောဂါကို ကျော်လွန်လာတာနဲ့အတူ ကျွန်ုပ်တို့အနေနဲ့ (ဒေသတွင်း)အရှိန်ကို ပြန်ရအောင် ကြိုးစားကြသင့်တယ်” ဟု The Star သတင်းဌာနကို ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် သည် အာရှ၊ ဥရောပနှင့် အာဖရိကတို့အကြား ကူးသန်းရောင်းဝယ်ရေးနှင့် အခြေခံအဆောက်အအုံ ချိတ်ဆက်မှုများ ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုကို စတင်ခဲ့သည်။

မလေးရှားနိုင်ငံအနေနှင့် အဆိုပါအစီအစဉ်ကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု ၂၀၂၁ခုနှစ်တွင် ထိုစဉ်က မလေးရှား ၀န်ကြီးချုပ် အစ်မေးလ် ဆာဘရီ ယာကော့ဘ် က မီဒီယာများကို ပြောကြားခဲ့သည်။

ယခုခရီးစဉ်သည် အန်ဝါ၏ မလေးရှားဝန်ကြီးချုပ်အဖြစ် တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခြင်း ဖြစ်သည်။ ဘီအက်ဖ်အေ ဖိုရမ်ကို အန်ဝါ တက်ရောက်မှုသည် မလေးရှား-တရုတ် အကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မြှင့်တင်မှု ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်သည်။ အဆိုပါ မိတ်ဖက်ဆက်ဆံရေးကို ၂၀၁၃ခုနှစ်တွင် စတင်ခဲ့သည်။

Reference ● Channel News Asia