နခံတောရွာလယ်ကျောင်းဆရာတော် ပျံလွန်တော်မူ

0
2510

လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာ၊ ရွာလယ်ကျောင်းဆရာတော်ဘဒ္ဒန္တ ဦးဝါယမသည် ယနေ့ ဧပြီလ ၁ ရက် နံနက် ၈နာရီဝန်းကျင်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားကြောင်း ဆရာတော်၏တပည့်တကာမများထံမှသိရသည်။

ဆရာတော်သည် ၉၆ ပါးရောဂါဖြင့် ပျံလွန်တော်မူခြင်းဖြစ်ပြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၈၁ နှစ် ဝါတော် ၆၁ ဝါ ရှိပြီဖြစ်ကြောင်း ဆရာတော်၏ တပည့်တကာမများက ပြောသည်။

“အာရုဏ်ဆွမ်းဘုဉ်းပေးချိန်ထွက်မလာသေးလို့ ဝင်ကြည့်တော့မှ ဆရာတော်က ပျံလွန်တော်မူနေတယ်” ဟု ဆရာတော်၏တပည့်တစ်ဦးက ပြောဆိုသည်။

ဆရာတော်သည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကတည်းက နခံတောရွာလယ်ကျောင်းကို တပည့်ဆရာတော်ဖြစ်သူ ဦးပညာဝံသကို အပ်နှံထားခဲ့ခြင်းဖြစ်ကြောင်း တပည့်တကာမများထံမှ သိရသည်။

ထို့နောက် ဆရာတော်မှာ ကျောင်းသင်္ခမ်းငယ်ဖြင့် တစ်ပါးတည်း သီတင်းသုံးနေထိုင်၍ သာသနာရေးလုပ်ငန်းများကို ဆောင်ရွယ်နေခဲ့ခြင်းဖြစ်ကြောင်း တပည့်တကာမများထံမှ သိရသည်။

ဆရာတော်၏ လောကီ၊ လောကုတ္တရာ သာသနာအရေးဆောင်ရွက်ချက်များဖြင့် ဒေသတစ်ခွင်ကျော်ကြားသည်။

ဆရာတော်သည် ပျံလွန်မူမတိုင်ခင်အထိ လောင်းလုံးမြို့နယ် စခန်းကြီး သုဓမ္မာ ပဝါရဏဂိုဏ်း၏ အတွင်းရေးမှူးတာဝန်ဖြင့် သာသနာရေး လုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဆရာတော်၏တပည့်ဒါယာကာများက ပြောသည်။

ဆရာတော်၏ဥတုဇရုပ်ကလာပ်‌တော်အား အန္တိမဈာပနကျင်းပမည့် နေ့ရက်အချိန်အခါကို ဆရာတော်၏ တပည့်တကာမများ မစုံလင်သေးသဖြင့် မဆုံးဖြတ်ရသေးကြောင်း ၎င်းတို့က ဆိုသည်။