မြိတ်တွင် သင်္ကြန်တွင်း တရားစခန်းများ ပြန်လည်ဖွင့်လှစ်မည်

0
2384
ပုံစာ - တိုင်းအတွင်းက တရားစခန်း တစ်ခု

ကိုဗစ်ကပ်ဘေးဖြစ်ပေါ်သည့် ၂၀၂၀ ခုနှစ်မှစပြီး ရပ်နားထားရသည့် သင်္ကြန်တွင်း တရားစခန်းတို့အား ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြိတ်မြို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် ရိပ်သာတို့ထံမှ သိရသည်။

လတ်တလောတွင် သင်္ကြန်ကာလအတွင်း ဖွင့်လှစ်မည့် တရားစခန်းအချို့က ယောဂီစာရင်းကြိုကောက်ခြင်း၊ အာရုံဆွမ်း၊ နေ့ဆွမ်း စသဖြင့် လိုအပ်သည့် အလှူများအား ပါဝင်နိုင်ရန် မော်တော်ယာဉ်တို့ဖြင့် လိုက်လံတိုက်တွန်း နှိုးဆော်နေသည်။

“တရားစခန်းဝင်မယ့် ယောဂီတွေကြိုပြီး စာရင်းပေးလို့ရပါပြီ။ နေရာအခက်အခဲကြောင့် ဦးရေကန့်သတ်ထား‌တာတော့ ရှိတယ်” ဟု ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှ တရားစခန်းဖြစ်မြောက်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

တရားစခန်းတို့အား အများအားဖြင့် ဘုန်းတော်ကြီးကျောင်းအချို့နှင့် ရိပ်သာတို့တွင် ပြုလုပ်လေ့ရှိကြသည်။

“သင်္ကြန်မှာ နှစ်တိုင်း တရားစခန်းဝင်နေကျပဲ။ ကိုဗစ်ဖြစ်ကတည်းကနေ ပိတ်ထားတာသုံးနှစ်ရှိပြီ။ ဒီနှစ်မှာ တရားစခန်းတွေ အရင်အတိုင်းလုပ်လာနေကြတာဆိုတော့ သင်္ကြန်တွင်းမှာ ဝင်ဖြစ်အောင်ဝင်မယ်လို့ ဆုံးဖြတ်ထားတယ်” ဟု မြိတ်တောင်ရပ်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

တရားစခန်းတစ်ခုတွင် နေရာအပေါ်မူတည်ကာ ယောကီဝင်လူဦးရေ အများဆုံးနှစ်ရာအထိ လက်ခံလေ့ရှိပြီး တရားစခန်းရက်အား အများအားဖြင့် ခုနှစ်ရက်တိတိပြုလုပ်လေ့ရှိကြသည်။

“ကျောင်းမှာလည်း သင်္ကြန်တွင်း တရားစခန်းရှိတယ်။ နေရာကျဉ်းလို့ ယောဂီနှစ်ဆယ်၊ သုံးဆယ်လောက်ပဲ ကန့်သတ်ထားရတယ်” ဟု မြိတ်တောင်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းမှ ဆရာတော်က မိန့်ကြားသည်။

မြိတ်မြို့ရှိ သာသနာ့မာန်အောင်ကျောင်းတိုက်၊ မဟာစည်သာသနာ့ရိပ်သာ၊ နာဂါရာမမိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာ၊
တောရအောက်ကျောင်း၊ လှည်းဘီးကျောင်းတိုက်၊ သဲအင်းဂူကျောင်း၊ သစ်ညီနောင်ကျောင်းတိုက် စသည့် နေရာတို့တွင် သင်္ကြန်တွင်း တရားစခန်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။