ထိုင်ဝမ်သမ္မတနှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌတို့ တွေ့ဆုံပါက စစ်ရေးအရ လက်တုံ့ပြန်မည်ဟု တရုတ်နိုင်ငံ ခြိမ်းခြောက်

0
2159

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်ကို အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံပါက စစ်ရေးအရ လက်တုံ့ပြန်မည်ဟု တရုတ်အစိုးရက ခြိမ်းခြောက်ထားသည်။

သူမကို နိုင်ငံတွင်း ဖြတ်သန်းခွင့်မပြုရန်နှင့် လက်ခံတွေ့ဆုံမည်ဆိုပါက တရုတ်အစိုးရ အပေါ် ရန်စမှု ဖြစ်လာလိမ့်မည် ဟု အမေရိကန်အစိုးရ ကိုလည်း တိုက်တွန်းထားသည်။

ဆိုင်အင်ဝမ် သည် အမေရိကတိုက် အလယ်ပိုင်းမှ မဟာမိတ်များဖြစ်သော ဘာလိစ် နှင့် ဂွာတီမာလာ နိုင်ငံများသို့ ၁၀ ရက်ကြာ အလည်အပတ်ခရီးအဖြစ် မတ်လ ၂၉ရက်နေ့ မွန်းလွဲပိုင်းက ထိုင်ဝမ်မှ ထွက်ခွာလာခဲ့သည်။

အဆိုပါ ခရီးစဉ်၏ ရပ်နားနေရာများအဖြစ် အသွားခရီးလမ်းတွင် နယူးယောက်နှင့် အပြန်ခရီးလမ်းအတွက် လော့စ်အိန်ဂျလိစ်တို့ ပါဝင်ပြီး နှစ်နေရာလုံးသည် အမေရိကန်ပြည်ထောင်စု၏ မြို့များ ဖြစ်သည်။

ဆိုင်အင်ဝမ်သည် အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင် မက်ကာသီ နှင့် ကယ်လီဖိုးနီးယားတွင် တွေ့ဆုံရန် မျှော်လင့်ထားသော်လည်း ယင်း တွေ့ဆုံမှုအတွက် တရားဝင် အတည်ပြုချက် မရှိသေးပေ။

ထိုင်ဝမ်၏မြို့တော် ထိုင်ပေမှ သမ္မတဆိုင်အင်ဝမ် မထွက်ခွာမီ နာရီပိုင်းအလိုတွင် တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံးမှ ၎င်းခရီးစဉ်ကို ဆန့်ကျင်ကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သည်။

“အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ မက်ကာသီကို သူမ (ဆိုင်အင်ဝမ်) အနေနဲ့ဆက်သွယ်ခဲ့မယ်ဆိုရင် ဒါဟာ တရုတ်နိုင်ငံရဲ့ တစ်ပြည်တည်း မူဝါဒကို ပြင်းပြင်းထန်ထန် ချိုးဖောက်ပြီး ၊ တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့ ပိုင်နက်နယ်မြေ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် အပြင် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးတဲ့ နောက်ထပ် ရန်စမှုတွေ ဖြစ်လာမှာပါ” ဟု တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကျူး ဖုန်းလျန် က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ (တရုတ်အစိုးရ)အနေနဲ့ ဒါကို ပြတ်ပြတ်သားသား ကန့်ကွက်ပြီး ပြတ်ပြတ်သားသား ပြန်ခုခံဖို့ ဆောင်ရွက်သွားမှာပါ”

တရုတ်တစ်ပြည်တည်း မူဝါဒသည် ထိုင်ဝမ်နိုင်ငံတွင်း အုပ်ချုပ်မှုအာဏာအပေါ် သိသိသာသာ စိုးမိုးလိုသည့် တရုတ်ပြည်မကြီး၏ အမိန့်ဖြစ်သည်။

ပြင်ပဖိအားပေးမှုများ ရှိသော်လည်း ဤအခြေအနေသည် ထိုင်ဝမ်နိုင်ငံကို ကမ္ဘာနိုင်ငံများနှင့် ဆက်သွယ်နေမှုများ လုပ်ဆောင်ရာတွင် ရပ်တန့်စေမှာ မဟုတ်ကြောင်း သမ္မတ ဆိုင်အင်ဝမ်က မတ်လ ၂၉ရက်နေ့ ၊ ဗုဒ္ဓဟူးနေ့က အဆိုပါ ခရီးအတွက် မထွက်ခွာခင် မီဒီယာများကို ပြောကြားခဲ့သည်။

“ထိုင်ဝမ်ရဲ့ ကမ္ဘာကို သွားဖို့ စိတ်အားထက်သန်မှုက ပိုမိုခိုင်မာအားကောင်းလာမှာပါ” ဟု သူမက ပြောကြားခဲ့သည်။ “ကျွန်မတို့ (ထိုင်ဝမ်)က အေးဆေးတည်ငြိမ်တယ်၊ ယုံကြည်မှုလည်းရှိတယ်၊ စိတ်ဓာတ်ခိုင်မာပြတ်သားသလို ရန်စမှုတွေလည်း ကင်းပါတယ်။”

မထွက်ခွာမီ ထောင်ယွမ်လေဆိပ်တွင် ဂွာတီမာလာနှင့် ဘာလိစ်သံတမန်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ဆိုင်အင်ဝမ်သည် ထိုင်ဝမ်နိုင်ငံအနေနှင့် လွတ်လပ်မှုနှင့် ဒီမိုကရေစီတန်ဖိုးများကို ခုခံကာကွယ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းက ထိုင်ဝမ်နိုင်ငံကို လိုအပ်တဲ့အခါ ထိုင်ဝမ်ကလည်း ပံ့ပိုးပေးမှာပါ။ ဒါ့အပြင် ထိုင်ဝမ်မှာ အခက်အခဲတွေ ကြုံလာရရင်လည်း မိတ်ဖက်နိုင်ငံတွေက ထိုင်ဝမ်ကို ပံ့ပိုးပေးမှာပါ”

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူသည် လေယာဉ်မထွက်ခွာမီတွင် လေယာဉ်အတွင်းမှ ဓာတ်ပုံတစ်ပုံနှင့်အတူ လူမှုကွန်ရက် တွစ်တာ မှတဆင့် ပို့စ်တင်ခဲ့သည်။

“ဆိုင်အင်ဝမ် နဲ့ အတူ နောက်ထပ်ခရီးစဉ် အနေနဲ့ မဟာမိတ် ၊ ဂွာတီမာလာ နဲ့ ဘာလိစ် နိုင်ငံတွေဆီ သွားလည်ပတ်ဖို့ စိတ်လှုပ်ရှားနေပါတယ်။ အဲ့ဒီမှာ ရာသီဥတု ဒါမှမဟုတ် တစ်ခုခုက အင်မတန် နွေးထွေးနေတယ်လို့ ကြားတယ် ။”

ပေကျင်း (တရုတ်ပြည်မကြီး)အစိုးရ သည် ထိုင်ဝမ်ကို “ပြန်လည်ပေါင်းစည်းရေး” ဟူသော ဝေါဟာရဖြင့် သိမ်းပိုက်ရန် ရည်ရွယ်ထားသည်။ ထိုင်ဝမ်နိုင်ငံ၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရနှင့် ၎င်း၏ ပြည်သူအများစုသည် တရုတ်ပြည်မကြီးအုပ်ချုပ်မှု၏ အလားအလာကို မကြိုက်နှစ်သက်ကြပေ။

အမေရိကန်သည် ထိုင်ဝမ်ကို နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်မပြုသေးသော်လည်း ပြည်မကြီး၏ အရှိန်မြင့်လုပ်ဆောင်လာသော စစ်ရေးခြိမ်းခြောက်မှုနှင့် သံတမန်ရေးအရ အကျပ်ကိုင်မှုများကို ခုခံတွန်းလှန်ဖို့ရာ ထိုင်ဝမ်၏ ကြိုးစားအားထုတ်မှုများကို အခိုင်အမာ ထောက်ခံသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် သမ္မတဖြစ်လာသည့် အချိန်မှစပြီး အခုထိ ဆိုင်အင်ဝမ်၏ အမေရိကန်သို့ လမ်းတထောက်နား ဝင်ရောက်လည်ပတ်မှုမှာ “ပုံမှန်” ဖြစ်သည်ဟု အမေရိကန် အစိုးရမှ ပြောကြားခဲ့ပြီး အဆိုပါ အချက်ကို ရန်လိုသော အပြုအမူအတွက် အကြောင်းပြချက်အဖြစ် အသုံးမပြုရန် တရုတ်ပြည်မကြီးအစိုးရ ကို သတိပေးခဲ့သည်။ ယခုခရီးစဉ်သည် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် ၏ ခြောက်ကြိမ်မြောက် အမေရိကန်ပြည်ထောင်စုတွင် ခရီးတထောက်နားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် သြဂုတ်လတွင် ထိုအချိန်က အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သူ နန်စီပယ်လိုစီ၏ ထိုင်ဝမ်နိုင်ငံ ၊ တိုင်ပေမြို့သို့ လာရောက်လည်ပတ်မှုအား တုံ့ပြန်သည့်အနေဖြင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ထိုင်ဝမ်၏ အဓိကကျွန်းကို ဝန်းရံလျက် ရက်ပေါင်းများစွာ ကျည်အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်မှုများပြုလုပ်ကာ ပင်လယ်ရေကြောင်းနှင့် လေကြောင်းသွားလာမှုများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

ပယ်လိုစီ၏ နေရာဆက်ခံသူ ရီဘပလစ်ကန် ပါတီမှ ကယ်ဗင် မက်ကာသီ က ထိုင်ဝမ်သို့ သွားရောက်လိုသည်ဟု ပြောကြားခဲ့သော်လည်း ကယ်လီဖိုးနီးယားတွင် ဆိုင်အင်ဝမ်နှင့် တွေ့ဆုံမှုသည် ပယ်လိုစီခရီးစဉ် တုန်းက ဖြစ်ရပ်မျိုးကို ရှောင်ရှားလိုသည့် ကြိုးပမ်းမှုတစ်ခု ဟု နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ဆိုင်အင်ဝမ် နှင့် ကယ်ဗင်မက်ကာသီ ၏ တွေ့ဆုံမှုသည် အမေရိကန်ဘက်မှ မည်သို့သော တိုးမြင့်လာမှုကို အချက်ပြမည်မဟုတ်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

“ခရီးစဉ်တွေတလျှောက် အမေရိကန်နိုင်ငံမှာ ခရီးတထောက်နားတိုင်း ထိုင်ဝမ်သမ္မတနဲ့ အမေရိကန် လွှတ်တော် အဖွဲ့ဝင်တွေ တွေ့ဆုံကြတယ် ဆိုတာမျိုးက အရင် ထိုင်ဝမ်ခေါင်းဆောင်တွေ လက်ထက် ကတည်းက ရှိခဲ့တာပါ” ဟု ထို အရာရှိက ပြောကြားခဲ့သည်။

Reference ● Guardian