ဦးထွန်းမင်းလတ်၏ စီးပွားဖက်ဖြစ်သူ ထိုင်းလွှတ်တော်အမတ် ဥပကစ် လာရောက်အစစ်ဆေးခံ၊ အမှုများကိုငြင်းဆို

0
2214

ဦးထွန်းမင်းလတ်နှင့် စီးပွားရေးမိတ်ဖက်ဖြစ်သူ ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ် ပါချာရီယန်ကွန်းသည် ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် ဆက်စပ်သည်ဟုဆိုကာ စုံစမ်းရေးအဖွဲ့များက တရားစွဲထားသောအမှုများအတွက် လာရောက်အစစ်ဆေးခံခဲ့ပြီး ငြင်းဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဥပါကစ်ကို တရားဥပဒေပုဒ်မ ၁၃၄ အရ စုံစမ်းရေးရဲတပ်ဖွဲ့များနှင့် အစိုးရရှေ့နေများက မေးမြန်းစစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

ဥပကစ်သည် ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုတို့ဖြင့် ဖမ်းဆီးခံထားရသော မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နှင့် ဆက်စပ်နေသည်ဟုဆိုကာ စုံစမ်းရေးအဖွဲ့များက တရားစွဲထားခြင်းဖြစ်သည်။

ထိုင်းလွှတ်တော်အမတ် ဥပကစ်သည် ထိုင်းအခြေစိုက် Allure Group ကုမ္ပဏီကို တည်ထောင်ခဲ့သူလည်းဖြစ် ရှယ်ယာရှင်ဟောင်းတစ်ဦးလည်းဖြစ်ပြီး ဖမ်းဆီးခံထားရသော မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နှင့် အတူ မြန်မာအခြေစိုက် Allure Group ကို ပူးပေါင်းတည်ထောင်ခဲ့သူလည်းဖြစ်ကြောင်း အတိုက်အခံပါတီ လွှတ်တော်အမတ်တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

စုံစမ်းရေးအဖွဲ့မှ တရားစွဲခံရပြီးနောက် ဥပကစ်သည် မတ်လ ၂၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်တွင် မူးယစ်ဆေးဝါး နှိမ်းနှင်းရေးဌာနခွဲတစ်ခုသို့ လာရောက်စစ်ဆေးခံခဲ့ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့များက ၎င်းကို လွှတ်တော်အမတ်တစ်ယောက်အနေဖြင့် ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သည်ဟူသော စွပ်စွဲချက်များဖြင့် တရားစွဲထားခဲ့ကြောင်း ဖော်ပြထားသည်။

စီးပွားဖက် ဦးထွန်းမင်းလတ်နှင့် ထိုင်းနိုင်ငံသား ၃ ဦးကို Allure Group ကုမ္ပဏီကို အသုံးပြုပြီး လျှပ်စစ်ဝယ်ယူမှုကို အကြောင်းပြကာ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ငွေကြေးခဝါချမှုများအတွက် စက်တင်ဘာလတွင် ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့သည်။

မူးယစ်ဆေးဝါးမှ ရရှိသော ငွေကြေးများကို လျှပ်စစ်ဓာတ်အားရောင်းဝယ်မှုကို အကြောင်းပြ၍ Allure Group ထံ အဆင့်အဆင့်လွှဲပြောင်းကြကာ နောက်ဆုံးအဆင့်တွင် ဦးထွန်းမင်းလတ်နှင့် ဥပကစ်၏ Allure Group ထံသို့ လျှပ်စစ်ဓာတ်အားခဟု ပြန်လည်လွှဲပြောင်းခဲ့ကြောင်း ထိုင်းတရားရေးကျွမ်းကျင်သူ Steven Sanyu က ရေးသားခဲ့သည်။

၎င်းအမှုများတွင် ဥပကစ်သည် ဦးထွန်းမင်းလတ်နှင့် ဆက်သွယ်နေသော အချက်များရှိနေသဖြင့် ယခင်နှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း ဖမ်းဝရမ်းကို နာရီပိုင်းအတွင်း ပြန်ရုပ်သိမ်းခဲ့ပြီးနောက် ယခုအကြိမ်တွင် ပထမဆုံး ပြန်လည် စွပ်စွဲကာ တရားစွဲခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း တရားစွဲထားသော အမှုများကို ဥပကစ်က ငြင်းဆန်ခဲ့ပြီး ပြစ်မှုမှတ်တမ်းများကို ပြန်လည်စစ်ဆေးရန်အတွက် လက်ဗွေနှိပ်ခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ၎င်းကို ဆင့်ခေါ်ထားခြင်း ဝရမ်းထုတ်ထားခြင်း မရှိသေးဘဲ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

နောက်ထပ်စစ်ဆေးမေးမြန်းရန်အတွက် ရက်ချိန်းကို ဧပြီလ ၁၇ ရက်သို့ ထပ်မံချိန်ဆိုထားခဲ့ကြောင်း ဖော်ပြထားသည်။

ချိန်းဆိုထားသောရက်အတွင်း တရားမျှတမှုရှိရေး စုံစမ်းရေးရဲတပ်ဖွဲ့များက အရှိန်မြင့် ပြီးပြတ်အောင် စုံစမ်းစစ်ဆေးဖို့ကိုလည်း အမှုကို စစ်ဆေးနေသော ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှာကြားခဲ့ကြောင်း ဖော်ပြထားသည်။

ဥပကစ်သည် ထိုင်း-မြန်မာနယ်စပ်တွင် လျှပ်စစ်ဝယ်ယူမှုကို အကြောင်းပြထားကာ မူးယစ်ဆေးဝါးနှင့်ပက်သက်သော ငွေကြေးများကို ခဝါချဖို့ လုပ်ဆောင်ခဲ့မှုနှင့် ပက်သက်သော စွပ်စွဲချက်များကိုလည်း ငြင်းဆိုထားသည်။

၂၀၁၉ ခုနှစ်တွင် ဥပကစ်က Allure Group တွင် ပါဝင်ခဲ့သော ရှယ်ယာများကို ဦးထွန်းမင်းလတ်နှင့်အတူ ဖမ်းဆီးခံထားရသော သမက်ဖြစ်သူထံသို့ လွှဲပြောင်းထားခဲ့ကြောင်း Justice for Myanmar အရသိရသည်။

ဥပကစ်နှင့် ဦးထွန်းမင်းလတ်တို့သည် ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ် တာချီလိတ်၌ တရားမဝင် ကာစီနိုလုပ်ငန်းလုပ်ကိုင်ရန်အတွက် Allure Group ကို လုပ်ကိုင်နေကြကြောင်း Justice for Myanmar အရသိရသည်။

စီးပွားဖက် ဦးထွန်းမင်းလတ်နှင့် ဥပကစ်၏ သမက်ဖြစ်သူအပါအဝင် ထိုင်းနိုင်ငံသား ၃ ဦးကို စက်တင်ဘာလတွင် ဖမ်းဆီးခဲ့ပြီးနောက် ဦးထွန်းမင်းလတ်က ၎င်းကိုစွဲဆိုထားသော ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုများကိုအပြစ်မရှိကြောင်း တရားရုံးတွင် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လျှောက်ထားခဲ့သည်။

လက်ရှိအချိန်တွင် ဥပကစ်၏ စီးပွားဖက်ဖြစ်သော မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်ကို ဖမ်းဆီးထားဆဲဖြစ်သည်။