စစ်ကြောင်းထိုးစဉ် ဥယျာဉ်ခြံများ မီးရှို့ခံရပြီး အရပ်သားနှစ်ဦးလည်း ပစ်သတ်ခံရ

0
2273

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးစဉ် ဥယျာဉ်ခြံများကို မီးရှို့ခဲ့ပြီး အနည်းဆုံး အရပ်သားနှစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မတ်လ ၂၄ ရက်က ပုလောမြို့နယ်ရှိ နန်းတောင်ကျေးရွာအုပ်စုနှင့် ပုလောကုန်းကျေးရွာအုပ်စု များသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ ရော်ဘာခြံများနှင့် ဒူးရင်းခြံများကို မီးရှို့ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

မီးရှို့ခံရမှုကြောင့် နန်းတောင်ဘုန်းကြီးကျောင်းအနီးမှ ဂျင့်ဂါရွာအနီးအထိ ရော်ဘာခြံနှင့် ဒူးရင်းခြံများ မီးလောင်ဆုံးရှုံးသွားပြီး အနည်းဆုံး ဧကငါးဆယ်ဝန်းကျင် ရှိနိုင်ကြောင်း ဂျင့်ဂါရွာသားတစ်ဦးက ပြောဆိုသည်။

စစ်ကြောင်းထိုးစဉ် အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် နေ့ည အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ကျည်များ ရွာအတွင်းကျရောက်သည့်အတွက် ကျောင်းနိမ့်၊ မှော်မိ၊ ဂျင့်ဂါ၊ ပိန္နဲတောင်၊ ဆားခဲနှင့် မင်းဝင်းကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

“ကျောင်းနိမ့်ကလူတွေက အရင်ကဆို ဆားခဲဖက် ရွှေ့ပြီးနေကြတယ်။ အခုက ဆားခဲပါ ပြေးရပြီဆိုတော့ ဟိုး မဒေါင်ဖျားအထိ ရောက်ကုန်ကြပြီ။ လူတွေလည်း ပြဲပြဲစင်ပဲ” ဟု ဂျင့်ဂါရွာသားက ပြောသည်။

စစ်ကြောင်းထိုးစဉ် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အရပ်သားနှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

ပုလောကုန်းကျေးရွာအုပ်စုက အသက် ၄၀ကျော်အရွယ် အမျိုးသားတစ်ဦး၊ နတ်အိမ်တောင်က ရွားသားတစ်ဦးတို့သည် မတ်လ ၂၅ ရက်က နတ်အိမ်တောင်ရွာအနီး လမ်းမတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

တိုင်းပြည်ပက လာရောက်နေထိုင်သည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံအချို့က ပြောဆိုကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

အဆိုပါ အရပ်သားများကို မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခံရသည်ကို မသိရသေးပေ။

ပုလောကုန်းကျေးရွာရှိ စစ်ကောင်စီတပ်အား မတ်လ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကာ ပျူစောထီးတစ်ဦးနှင့် စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရကြောင်း ပူလယက္ခညီနောင်စစ်ကြောင်းက ယနေ့ မတ်လ ၂၈ ရက်မွန်းလွဲတွင် ထုတ်ပြန်သည်။

တိုက်ပွဲအား စစ်ကူပေးရန် ပုလောမြို့မှ လာသည့် စစ်ကြောင်းသည် မတ်လ ၂၅ ရက်က နတ်အိမ်တောင်ရွာသို့ ရောက်ရှိစဉ် ရွာသား နှစ်ဦးအား ပစ်သတ်သွားသည့်အတွက် ဝမ်းနည်းကြေကွဲရကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

KNDO ဦးစီးသည့် ပူလယ္ခညီနောင်စစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့သည် ပုလောကုန်းရွာတိုက်ပွဲအတွင်း အသာစီးဖြင့် တိုက်ခိုက်နိုင်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ဆက်လက် ရေးသားထားသည်။

ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် သတင်းကြားသိပါက ဘေးကင်းရာအရပ်နှင့် လုံခြုံရာအရပ်တွင် နေထိုင်ပြီး အပြင်ထွက်သွားလာခြင်းမပြုဘဲ ဂရုစိုက်နေထိုင်သွားလာကြရန်လည်း မေတ္တာရပ်ခံထားသည်။

ပုလောနှင့် တနင်္သာရီမြို့နယ်တို့အား ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် စစ်ကောင်စီတပ် အင်အားတိုးမြှင့်ကာ စစ်ကြောင်းထိုးနေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေသည်။