ကံပေါက်ဒေသက ရပ်ကွက်အချို့ ရေအခက်အခဲဖြစ်

0
2317
ပုံစာ - ကံပေါက်ကျေးရွာရှိ ရွာပိုင် ရေပိုက်ခေါင်း

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စုရှိ ရပ်ကွက်အချို့တွင် သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း ဒေသခံအချို့က ပြောသည်။

ဖေဖော်ဝါရီ လလယ်ကတည်းက အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ကုန်းအမြင့်ပိုင်းရပ်ကွက်များဖြစ်သည့် ဗိုလ်ချုပ်ရပ်ကွက်၊ မြသီတာရပ်ကွက်၊ မဂ္ဂင်ရပ်ကွက်၊ ခိုင်သဇင်ရပ်ကွက်၊ လှည်းကုန်းရပ်ကွက်များ သာမက အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် မိကျောင်းအိုင်ရပ်ကွက်၊ ထန်းတပင်ရပ်ကွက်နှင့် စက်ကုန်းရပ်ကွက် စသည့်ဖြင့် ရပ်ကွက် ရှစ်ခုတွင် သောက်သုံးရေ အခက်အခဲဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

ကံပေါက်ဒေသတွင် ယခင်အစိုးရလက်ထက်ကတည်းက ကျေးရွာပိုင် ရေပိုက်လိုင်းတစ်ခုရှိပြီး တစ်ယူနစ်လျှင် ကျပ် ၂၀၀ ဖြင့် သောက်သုံးရေ ဖြန့်ဖြူးပေးသည်။

ယင်းရေပိုက်လိုင်းမှာ သန့်ရှင်းမှုမရှိသည့်အပြင် ရေလည်းပုံမှန်မလာသည်မှာ တစ်လကျော်နေပြီဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

“ရေကတစ်ပတ်မှာ ၃ ရက်လောက်ပဲ နည်းနည်းလာတယ်။ ပုံမှန်မလာဘူး” ဟု ကျေးရွာပိုင်ရေမီတာသုံးစွဲသူ ခိုင်သဇင်ရပ်ကွက်နေသူတစ်ဦးကဆိုသည်။

ရေပုံမှန်မလာသဖြင့် ယခင်လအတွက် ကျသင့်သည့် ရေမီတာဖိုးလည်း လာမကောက်သေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကျေးရွာပိုင် ရေပိုက်လိုင်းသည် ဒေသအခေါ် ရေကန်တောင်မှ ရေပိုက်ဖြင့်သွယ်ပြီး ပေးဝေနေခြင်းဖြစ်သည်။

အဆိုပါကျေးရွာ ရေပိုက်လိုင်းကို အာဏာမသိမ်းခင်က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၏ ရေကော်မတီဝင်တို့က စီမံခန့်ခွဲခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှစပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက ရေပိုက်လိုင်းကို စီမံခန့်ခွဲခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီခန့် အုပ်ချုပ်‌ရေးမှူးလက်ထက်တွင် ရေသိုလှောင်ကန်မှာ သန့်ရှင်းရေး လုပ်ဆောင်မှုအားနည်းသဖြင့် ရေမသန့်ရှင်းဘဲဖြစ်နေကြောင်း ဒေသခံအချို့က ပြောသည်။

ကံပေါက်ဒေသတွင် ရန်ကင်တောင်ကြေားမှ ရေကိုသွယ်တန်းပြီး ဖြန့်ဖြူးသည့် တစ်နိုင်တစ်ပိုင်ပုဂ္ဂလိက ရေဖြန့်ဖြူး ရောင်းချသူတို့လည်းရှိပြီး လက်ရှိတွင် ရေလောက်ငှမှု မရှိတော့ဘဲ အခက်အခဲကြုံနေရကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“အရင်လက (ဖေဖော်ဝါရီလ) တောင် မီးလောင်ထားတော့ တောင်ပေါ်ကရေလည်း အခုနှစ် ရေနည်းနည်း ခမ်းချင်နေတယ်” ဟု ၎င်းက ဆိုသည်။

ရေပိုက်လိုင်းမှ ရေပုံမှန်မလာခြင်း၊ မသန့်ရှင်းခြင်းတို့ကြောင့် ဒေသခံများမှာ ရေသယ်ကားများထံတွင် တစ်ကားလျှင် ကျပ်တစ်သောင်းဖြင့် ဝယ်ယူသုံးစွဲနေကြရသည်။

“ရေက သုံးရက်တစ်ခါ၊ ငါးရက်တစ်ခါ တစ်ကားလောက်ဝယ်ရတယ်။ ထမင်းဟင်းချက်ဖို့နဲ့ အိမ်သာတက်ဖို့အတွက် အဓိကထားသုံးနေရတယ်။ ရေချိုးတာက ဘုန်းကြီးကျောင်းက ရေတွင်းမှာပဲ သွားချိုးနေရတယ်” ဟု ဗိုလ်ချုပ်ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။

ရေရောင်းသည့် ရေကားများမှာ ကံပေါက်ကျေးရွာအုပ်စုရှိ ရေတွင်းတူးရန် အဆင်ပြေသည့် သီရိမင်္ဂလာရပ်ကွက်ရှိ ရေတွင်းများမှ ရေဝယ်ယူပြီး ပြန်လည်ရောင်းချခြင်းဖြစ်သည်။

ခဲသတ္တုထွက်ရှိရာဒေသဟု နာမည်ကျော်သည့် ကံပေါက်ဒေသသည် အဝီစိရေတွင်းနှင့် ရိုးရိုးရေတွင်း တူးဖော်အသုံးပြုရန် အခက်အခဲရှိသည်။

ခဲသတ္တုကြောင့် ရေအဆီပြန်ခြင်းဖြစ်ပေါ်လေ့ရှိသောကြောင့်ဖြစ်သည်။

ယင်းအတွက်ကြောင့် ကံပေါက်ဒေသတွင် နွေရာသီဆိုပါက နှစ်စဉ်ရေအခက်အခဲနှင့် ရင်ဆိုင်ရလေ့ရှိသည်။