ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
3178

ယခုအပတ်ရွှေဈေးမှာ ထိုးတက်သွားပြီး ဈေးအမြင့်တွင် တန့်နေခဲ့သည်။

ထိုင်းဘတ်ဈေးလည်း တက်လာခဲ့ပြီး ဓာတ်ဆီဈေးမှာ အလှုပ်အခတ် အနည်းငယ်ရှိခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ဈေးအမြင့်တွင် တန့်နေသည့် ရွှေဈေး

ရုတ်တရက်ထိုးတက်ခဲ့သည့် အခေါက်ရွှေဈေးသည် အမြင့်ဈေးတန်းတွင် တန့်နေခဲ့သည်။

ယခုအပတ် တနင်္လာနေ့ (မတ်လ ၂၀ ရက်)က တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းသုံးသောင်း (၂၉၃၀၀၀၀ကျပ်) ဖြင့် ဈေးဖွင့်ခဲ့သည်။

နောက်ရက်များတွင် ကျပ်သောင်းဂဏန်း အတကိအကျရှိခဲ့ပြီးနောက် သောကြာနေ့တွင်မူ နှစ်ဆယ့်ကိုးသိန်းလေးသောင်း (၂၉၄၀၀၀၀ ကျပ်) ဈေးဖွင့်ထားပြန်သည်။

အမေရိကန်နိုင်ငံရှိ ဘဏ်နှစ်ခု ပြိုလဲသွားပြီးနောက်ပိုင်း ကမ္ဘာ့ရွှေဈေး တရိပ်ရိပ်တက်လာသဖြင့် ပြည်တွင်းရွှေဈေးလည်း ခုန်တက်သွားခြင်းဖြစ်သည်။

ပြီးခဲ့သည့်အပတ်က ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ ကျော်အထိ ခုန်တက်သွားသဖြင့် ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် နှစ်ဆယ့်ကိုးသိန်းခုနှစ်သောင်းအထိ ဈေးတက်ခဲ့သည်။

ယင်းနောက် ပြည်တွင်းရွှေဈေးမှာ တဖြည်းဖြည်းပြန်ကျလာပြီးနောက် လက်ရှိဈေးတန်းတွင် တန့်နေခြင်းဖြစ်သည်။

ထိုင်းဘတ်

ယခုအပတ်တွင် ထိုင်းဘတ်ငွေဈေးလည်း တဖြည်းဖြည်း တက်ရိပ်ပြလာသည်။

ထိုင်းငွေတစ်ဘတ်လျှင် ၈၄ ကျပ်ဝန်းကျင်ဖြင့် အတက်အကျနည်းနည်းဖြင့် တစ်ပတ်လုံးလုံး ဈေးဖွင့်ထားခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၁၉၁ ဘတ် လဲလျှင် မြန်မာငွေကျပ် တစ်သိန်းရမည်ဖြစ်သည်။

အတက်အကျနည်းသည့် စက်သုံးဆီဈေး

တနင်္သာရီတိုင်း၏ စက်သုံးဆီဈေးမှာ နေ့စဉ်အတက်အကျရှိခဲ့ပြီး တစ်ပတ်အတွင်း တစ်လီတာလျှင် ကျပ်တစ်ရာကျော်အထိ ဈေးအတက်အကျရှိခဲ့သည်။

ယခုအပတ် ထားဝယ်ဈေးကွက်အတွင်း 92 ဓာတ်ဆီတစ်လီတာလျှင် ၂၀၃၅ ကျပ် မှ ၂၁၇၀ ကျပ်အကြား နှုန်းထားဖြင့် ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့်နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၃၇၅ ကျပ်မှ ကျပ် ၃၂၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

ဈေးအမြင့်တွင်တန့်နေသည့် အခေါက်ရွှေဈေးမှာ လာမည့်အပတ်တွင်လည်း ယင်းဈေးနှုန်းအတိုင်းပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၉၇၉ ဒေါ်လာ ဖြင့် ဈေးဖွင့်ထားပြီး ပြီးခဲ့သည့် အပတ်ကလည်း တစ်အောင်စလျှင် ၁၉၈၀ ဒေါ်လာ ဈေးပေါက်ခဲ့သည်။

အမေရိကန်ဘဏ်နှစ်ခု ပြိုလဲသည့်ဂယက်ကြောင့် လာမည့်အပတ်တွင်လည်း ဈေးအမြင့်တွင်ပင် ဆက်ရှိနေမည့် အနေအထားရှိကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း အမေရိကန်ဒေါ်လာဂယက်နှင့် ရွှေဈေးတို့ကြောင့် လက်ရှိနှုန်းထားအတိုင်းပင် ဆက်ရှိနေမည့် အနေအထားဖြစ်သည်။

ထိုင်းငွေတစ်ဘတ်လျှင် ၈၄ ကျပ်စွန်းစွန်း ပေါက်ဈေးရှိသည့် ငွေလဲနှုန်းသည် လာမည့်အပတ်တွင်လည်း အတက်အကျနည်းနည်းဖြင့် ဆက်ရှိနေမည်ဖြစ်သည်။

ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် နိုင်ငံရေးအခြေအနေအပေါ် မူတည်နေသည်။

လက်ရှိကမ္ဘာ့ဓာတ်ဆီပေါက်ဈေးမှာ အလှုပ်အခတ်နည်းနေပြီး ဒေါ်လာငွေလဲနှုန်းမှာ ငြိမ်နေသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် ၂၈၇၅ ကျပ် ဈေးပေါက်နေသည်။

ထိုကြောင့် လာမည့်အပတ် ဓာတ်ဆီဈေးမှာ လက်ရှိနှုန်းထားအတိုင်းပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။